ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်အထိမ်းအမှတ် နိုင်ငံတကာ သုတေသနညီလာခံတွင် အဖွင့်အမှာစကားပြောကြား

နေပြည်တော်  ၂၇  နိုဝင်ဘာ

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင် အခမ်းအနား အထိမ်းအမှတ်အဖြစ် Virtual စနစ်ဖြင့် ကျင်းပလျက်ရှိသော နိုင်ငံတကာသုတေသန ညီလာခံကို Transofrmation Processes in Myanmar V ခေါင်းစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်နှင့် ဂျာမဏီနိုင်ငံ၊ ကိုလုံးတက္ကသိုလ်တို့ ပူးပေါင်း၍ နိုဝင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိသည်။ 

ယင်းသုတေသနညီလာခံတွင် နိုင်ငံပေါင်း (၁၁) နိုင်ငံရှိ တက္ကသိုလ်များနှင့် ပြည်တွင်းတက္ကသိုလ်ပေါင်း (၂၀)မှ သုတေသနပညာရှင်ပေါင်း ၉၂ ဦးတို့က သုတေသန စာတမ်းပေါင်း (၄၁) စောင်ကို ဖတ်ကြားဆွေးနွေးကြသည်။ 

ထိုညီလာခံတွင် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံတက္ကသိုလ်များမှ ပါမောက္ခများ၊ ပြည်တွင်းပြည်ပ စာတမ်းရှင်များ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့သည်။  

ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပသော နိုင်ငံတကာသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့် အထိမ်းအမှတ်အဖြစ် အစီအစဉ်ပေါင်းများစွာကို တစ်နှစ်ပတ်လုံး ကျင်းပလျက်ရှိရာ ယနေ့မှစတင်၍ ၂ ရက်ကြာ ကျင်းပလျက်ရှိသော နိုင်ငံတကာသုတေသနညီလာခံသို့ ပြည်တွင်းပြည်ပ ပညာရှင်ပေါင်း ၉၂ ဦးက နိုင်ငံတကာ သုတေသနစာတမ်းပေါင်း  ၄၁ စောင်ကို ဖတ်ကြားဆွေးနွေးကြသည့်အတွက် များစွာကျေးဇူးတင်ရှိ၍ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပညာရှင်များက သုတေသနစာတမ်းများ ပါဝင်ဆွေးနွေးကြခြင်းသည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြင့်မားလာမှု၏ အထောက်အထားပင်ဖြစ်ပါ ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် တက္ကသိုလ်တစ်ခု၏ သုတေသန၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေး၏ အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ယင်း၏ အသီးအပွင့်များကို တက္ကသိုလ်များမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ စီမံခန့်ခွဲရေး ဝန်ထမ်းများအားလုံး ရရှိခံစားနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရပ်ဆိုင်ရာ အတွေးအမြင်၊ အယူအဆ၊ အတွေ့အကြုံကောင်းများ၊ ဖြေရှင်းနည်းများသည် ထိရောက်သော သင်ယူမှုဝန်းကျင်ကောင်းကို ဖန်တီးရာတွင်လည်းကောင်း၊ နယ်ပယ်စုံတွင် ပညာဗဟုသုတ အတွေ့အကြုံများကို ဝေမျှရာတွင်လည်းကောင်း များစွာအထောက် အကူပြုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ASEAN University Network နှင့် Erasmus+ University Network ကဲ့သို့သော နိုင်ငံတကာ သိပ္ပံပညာရပ်ကွန်ယက်များမှ တက္ကသိုလ်များ၊ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အပြန်အလှန် အသိအမှတ်ပြုမှုနှင့် အပြန်အလှန် နားလည်ယုံကြည်မှု တိုးတက်မှုကို ထင်ဟပ်ပါကြောင်း။

ဤသို့ နိုင်ငံတကာသုတေသနညီလာခံများ ကျင်းပခြင်းဖြင့် ၂၀၀၃ ခုနှစ်တွင် ရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာအရ ရန်ကုန်တက္ကသိုလ်နှင့် ကိုလုံး တက္ကသိုလ်တို့၏ အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ပြီး ပိုမိုခိုင်မာသော ဆက်ဆံရေးကို နှစ်ပေါင်းများစွာ ဆက်လက်ထူထောင်နိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အရည်အသွေးအခြေပြု ရာထူးတိုးမြှင့်ရေးမူများအရ ပြည်တွင်း၊ ပြည်ပ သုတေသနလုပ်ငန်းများကို အားပေးလျက်ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ် ၁၆ ကျောင်းတွင် ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်ကို ကနဦး ကျင့်သုံးလျက်ရှိပါကြောင်း၊ ဆရာဖလှယ်ရေး၊ ကျောင်းသားဖလှယ်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသော နိုင်ငံတကာသုတေသန ညီလာခံ ကဲ့သို့သော ညီလာခံများ၊ ဆွေးနွေးပွဲများ၊ အရည်အသွေးမြှင့်တင်ရေး သင်တန်းများသည် ပညာရပ်ဆိုင်ရာ တီထွင်ဆန်းသစ်မှုများအတွက် ပြောဆိုဆွေးနွေးနိုင်သော Platform များ ဖြစ်ပါကြောင်းနှင့် ဆန်းသစ်သော သုတေသနတွေ့ရှိချက်များကို ဤညီလာခံတွင် ပွင့်လင်းစွာ အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ သံအမတ်ကြီးကိုယ်စား Head of the Cultural Section Mr. Frank Thierfelder ၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးနှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ 

ထို့နောက် ဂျာမနီနိုင်ငံ၊ ကိုလုံး တက္ကသိုလ်မှ Prf. Dr. Frauke Kraas က Keynote Speech ပြောကြားကာ အစီအစဉ် အတိုင်း သုတေသနစာတမ်းများ ဖတ်ကြားတင်သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်