ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်   ၂၄   ဇန်နဝါရီ 

2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ် (၄)၊ နေပြည်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်သည်။

အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဉာဏ်ဝင်းမြင့်က ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (surveillance) နှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် အခြားနိုင်ငံများ၌ ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် အဆိုပါဖြစ်ပွားမှုများအပေါ် သုံးသပ်ချက်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အဆိုပါရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာခဲ့သည့်အချက်များ၊ ဇန်နဝါရီ ၅ ရက်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သည့် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာလေဆိပ်၊ ရေဆိပ်များနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် စတင်ဆောင်ရွက်နေမှု၊ ဇန်နဝါရီ ၆  ရက်မှစတင်၍ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ကြိုတင်ပြင်ဆင်ထားရှိမှု၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ အပါအဝင် နယ်စပ်ဝင်ထွက်ပေါက်များတွင်လည်း လိုအပ်သည့် Thermal Scanner များ ဖြည့်တင်းထားရှိမှု၊ ဇန်နဝါရီ ၈ ရက်တွင် 2019 Novel Coronavirus (2019 nCoV) အဆုတ်ရောင်ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့မှု၊ Pneumonia Surveillance အတွက် သံသယလူနာတွေ့ရှိပါက တုံ့ပြန်ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း (Standard Operating Procedures (SOP)) များကို ရေးဆွဲဖြန့်ဝေ ထားရှိမှုများ၊ သံသယလူနာတွေ့ရှိပါက လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့် အညီသတ်မှတ်ဆေးရုံသို့ စနစ်တကျလွှဲပြောင်းကာ သီးခြားလူနာခန်းတွင် ရောဂါစစ်ဆေး အတည်ပြုခြင်းနှင့် ကုသမှုခံယူခြင်းတို့ဆောင်ရွက်နိုင်ရေး ကြိုတင်စီစဉ်ထားရှိမှု၊ ပြည်သူများ ထံရောဂါနှင့်ပတ်သက်၍ နောက်ဆုံးရသတင်းများနှင့် ရောဂါကူးစက်ဖြစ်ပွားမှုမှကာကွယ်နိုင်ရန် အချက်များကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဖြန့်ဝေထားရှိမှုတို့ကိုလည်းကောင်း။

ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇင်မာစိုးက ရောဂါကာကွယ် ကုသရေးနှင့် ပတ်သက်၍ ရောဂါကုထုံးလမ်းညွှန် (Clinical Management Guideline) များ ရေးဆွဲဖြန့်ဝေထားရှိမှု၊ သံသယလူနာများနှင့် ရောဂါအတည်ပြုလူနာများအတွက် သီးခြား လူနာခန်းများကို ဝေဘာဂီအထူးကုဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော် (ခုတင်-၁၀ဝ၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတို့တွင် ပြင်ဆင်ထားရှိမှု ယခင် ကူးစက်ရောဂါပြန့်ပွား ကူးစက်မှုဖြစ်စဉ်များမှ အတွေ့အကြုံများကိုအခြေခံ၍ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ထားရှိမှု၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်နှင့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ကြိုတင်ဖြည့်ဆည်းထားရှိမှုများကိုလည်းကောင်း။

အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ  ဉမ္မာဆွေတင်က  ဓာတ်ခွဲစစ်ဆေးခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဓာတ်ခွဲခန်း (Lab Facilities)များကို အဆင်ပြေစွာဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်း လမ်းညွှန်များ ရေးဆွဲဖြန့်ဝေထားရှိမှု၊ သံသယလူနာများတွေ့ရှိပါက ရောဂါဓာတ်ခွဲ စစ်ဆေး အတည်ပြုနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာတို့ကိုချိတ်ဆက်ဆောင်ရွက် ထားရှိမှုများကို လည်းကောင်း။

ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး (တာဝန်) ဒေါက်တာ သန်းနိုင်စိုးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဓာတ်ခွဲအတည်ပြုနိုင်ခြင်းမရှိ သေးသော Viral Pneumonia ရောဂါတစ်မျိုးဖြစ်ပွားနေမှု သတင်းများရရှိပြီး ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးခြင်းအဖြစ် ဆောင်းရာသီကာလအသက်ရှူလမ်းကြောင်းရောဂါများ ဆိုင်ရာကျန်းမာရေး အသိပေးနှိုးဆော်ချက်ကို ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ထုတ်ပြန်ထားရှိမှု၊ ခရီးသွားများအတွက် ကျန်းမာရေး အကြံပြုချက် (Health Advisory for Traveler) ကို အပြည်ပြည်ဆိုင်ရာလေဆိပ်များရှိ Arrival Hall များ၏ LED Board များတွင် မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် ပြသထားရှိမှု၊ ပြည်သူများထံရောဂါကာကွယ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေး အသိပညာများ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေသွားနိုင်ရန် ဆောင်ရွက်ထားရှိသည့် အစီအစဉ်များကိုလည်းကောင်း။

 

‌ေ

 

ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ အပူပိုင်းနှင့်ကူးစက်ရောဂါပညာဌာနမှ ပါမောက်ဒေါက်တာ စံပယ်ဖြူက ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ယခင်ကူးစက်ရောဂါ ပြန့်ပွားကူးစက်မှု ဖြစ်စဉ် များမှ အတွေ့အကြုံများကို အခြေခံ၍ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ထားရှိမှု၊ သံသယ လူနာများ လွှဲပြောင်းပို့ဆောင်လာပါကစနစ်တကျလက်ခံနိုင်ရန် ပြင်ဆင်ထားရှိမှု၊ လူနာများ သီးခြားထားရှိ ကုသမှုပေးနိုင်ရန် သီးခြားခန်းများ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ၊ ကုသမှုပေးသူများအတွက် ရောဂါကူးစက်မှုမရှိရန် (personal protective equipment) များပြင်ဆင်ထားရှိများကိုလည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဤကဲ့သို့ ရောဂါကြိုတင် ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများကိုစနစ်တကျ ကြိုတင်ပြင်ဆင်ထားရှိမှုများသည် ကောင်းမွန် ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အထူးကြပ်မတ်အား ဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပွားသည် နိုင်ငံများမှလာရောက်သည့် ခရီးသည်များအား နယ်စပ်ဝင်ပေါက်များနှင့် လေဆိပ်များတွင် ရောဂါလက္ခဏာများစောင့်ကြပ်ကြည့်ရှုစဉ်က ရောဂါလက္ခဏာများ ပြသခြင်းမရှိသော်လည်း ၎င်းတို့၏ နေထိုင်သွားလာမှု အချက်အလက်များကိုစနစ်တကျ မှတ်တမ်းရယူထားရှိကာ ရောဂါဖြစ်ပွားမှုရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း။

သံသယလူနာများကိုသီးခြားလူနာခန်းတွင်ထားရှိ၍ ရောဂါအတည်ပြုခြင်းနှင့် ကုသခြင်း လုပ်ငန်းများကို လုပ်ငန်းလမ်းညွှန်နှင့် စံလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်းကြပ်စွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းလမ်းညွှန်များ၊  စံလုပ်ထုံးလုပ်နည်းများကို ဝန်ကြီးဌာနရှိ ဆေးရုံများထံဖြန့်ဝေခြင်းသာမက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများထံသို့ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ပုဂ္ဂလိကဆရာဝန်များအဖွဲ့မှ တစ်ဆင့် ဖြန့်ဝေသွားရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ရောဂါကာကွယ်နှိမ်နင်းရေးနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ စီမံခန့်ခွဲရေးနှင့် ဓာတ်ခွဲပညာရှင်များကအကြံပြုဆွေးနွေးမှုများနှင့် အကြံပြုချက်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)