ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်လျက်ရှိသော နေရာများနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ ပရဟိတစေနာ့ဝန်ထမ်းများနှင့် တွေ့ဆုံအားပေး

ရန်ကုန်  ၄  ဧပြီ 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အသွားအလာကန့်သတ် စောင့်ကြပ် ကြည့်ရှုမှုများ ဆောင်ရွက်လျက်ရှိသောနေရာများသို့ ကွင်းဆင်းသွားရောက်ကြည့်ရှုသည်။

 

ရှေးဦးစွာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံနေသူ(၂၁၈) ဦးအားထားရှိသည့် လှည်းကူးမြို့နယ်ရှိ ဓမ္မရံသီ ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုနန္ဒအား ဖူးမြော်၍ ယခုကဲ့သို့ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ထိန်းချုပ်ရေးလုပ်ငန်းတွင် အလွန်အရေးကြီးသည့် အသွားအလာ ကန့်သတ်ရန်နေရာများ ပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း လျောက်ထားသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရာနေရာတွင် ပရဟိတစေတနာ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်နေသူများနှင့် တွေ့ဆုံ၍ ကျေးဇူးတင်စကားနှင့် အားပေးစကား ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်နှင့်အဖွဲ့သည် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ သွားရောက်၍ တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် မိမိစိတ်ဆန္ဒအလျှောက် အဆိုပြုတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား တွေ့ဆုံ၍ ကျေးဇူးတင်အားပေး စကားပြောကြားသည်။ ထို့နောက် ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး CT Scan ဓာတ်မှန်စက်ကြီးနှင့် Oxygen Plant တပ်ဆင်ထားရှိမည့် နေရာများကို ကြည့်ရှုကာ လူနာများထားရှိ ကုသမှုပေးရန် ထပ်မံလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးမှ ကိုဗစ်-၁၉ ရောဂါလူနာနှင့် ထိတွေ့ခဲ့သည့် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်း (၁၆) ဦး အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုမှုခံယူရာ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်ရှိ ဝန်ထမ်းအိမ်ရာ (၄) ထပ်ဆောင်သစ်သို့ သွားရောက်ပြီး တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်နှင့် အဖွဲ့သည် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးရှိ (၄) ထပ်ဆောင်သစ်သို့ သွားရောက်ရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ရောဂါပြင်းထန်သောလူနာများအား အထူးကြပ်မတ် ကုသမှုပေးရန် လိုအပ်သော စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှုနှင့် လိုအပ်သည်များကိုတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို စီစဉ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

အဆိုပါ ဆေးရုံများသို့ သွားရောက်စဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ယခင်ကတည်းက တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများတွင် အထူးကြပ်မတ်ကုသဆောင်များကို အဆင့်မြှင့်တင်မှုများပြုလုပ်ပြီး ဆရာဝန်များ၊ သူနာပြုများ နှင့် ကုသမှု အထောက်အကူပြု ပညာရှင်များကို အထူးကြပ်မတ်ကုသမှုဆိုင်ရာ မွမ်းမံသင်တန်းများ ပြုလုပ်ရန် စီစဉ်ထားရှိခဲ့ရာ ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုတွင် အဆိုပါ သင်တန်းများနှင့် အဆင့်မြှင့်တင်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ယခုဖြစ်စဉ်အတွက်သာမက ရေရှည် အတွက်ပါ အကျိုးရှိစေမည်ဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေမည်ဖြစ် ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ကိုဗစ်-၁၉ လူနာများအား သီးသန့်ထားရှိကုသမှုပေးနိုင်ရန်အတွက် ဆေးရုံများ ကြိုတင် ပြင်ဆင်ထားရှိသကဲ့သို့ မန္တလေးတိုင်းဒေသကြီးတွင်လည်း ခုတင် (၃၀၀) ဆံ့သင်ကြားရေးဆေးရုံကြီးကို designated hospital အဖြစ် ကြိုတင် ပြင်ဆင်မှုများပြုလုပ်နေပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်လည်း ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် Clinical Management Team များဖွဲ့စည်းထားရှိကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ၊ စက်ကိရိယာများနှင့် ဓာတ်ခွဲပစ္စည်းများကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ထပ်မံလိုအပ်ပါက အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြသွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာ ဆေးရုံအလိုက် လိုအပ်သည်များကို စာရင်းပြုစု၍ အမြန်ဆုံးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံနေသူ (၂၅)ဦးထားရှိရာ သုဝဏ္ဏ ဘောလုံးအကယ်ဒမီနှင့် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံနေသူ (၁၄၅) ဦးထားရှိရာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့သို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေသည်များကို ကြည့်ရှုပြီး ပရဟိတ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျေးဇူးတင်စကားနှင့် အားပေးစကားပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးသုတေသန ဦးစီးဌာန(ရန်ကုန်)သို့ သွားရောက်၍ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်သူများသိရှိလိုသည်များ မေးမြန်းနိုင်ရန် Call Center တစ်ခုပြုလုပ်သွားရန် စီစဉ်ထားရှိမှု အခြေအနေများ ရှင်းလင်းပွဲသို့ တက်ရောက်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ သွားရောက်၍ RT-Polymerase Chain Reaction (PCR) နည်းပညာအသုံးပြု၍ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဓာတ်ခွဲနမူနာများရယူခြင်း၊ လက်ခံခြင်း၊ ထုတ်ယူခြင်းနှင့် ပြင်ဆင်ခြင်း၊ ဓာတ်ခွဲနမူနာမှ Ribonucleic Acid (RNA) ထုတ်ယူခြင်း၊ Mastermix Preparation ပြုလုပ်ခြင်း၊ PCR ဖြင့် စစ်ဆေးခြင်း၊ ဓာတ်ခွဲအဖြေထုတ်ခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဌေးဌေးတင်၏ လိုအပ်သည်များ တင်ပြမှုအပေါ် ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အမြန်ဆုံးဖြည့်ဆည်းပေးမည့် အစီအစဉ် များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


    
သတင်းစဉ်