ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ  နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၁

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ် တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဂရုစိုက်၍ ယခုကျောင်းပြန်ဖွင့်ချိန်ကစပြီး ပညာရည် တိုးတက်အောင် ရည်မှန်းချက်မပျောက်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊    ပညာသင်ကြားပေးသည့် ဆရာ၊ ဆရာမများနှင့် မိဘများအပေါ် ရိုသေလေးစား၍ ကျေးဇူးတရားများ သိတတ်သည့် နိုင်ငံအတွက်အားထားရသော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း၊ ဆရာဆရာမများ အနေဖြင့်လည်း အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသားကျောင်းသူများ ပညာအရည်အသွေး တိုးတက်ရေး၊ ထူးချွန်ထက်မြက်ရေးအတွက် ပြုစုပျိုးထောင်ပေးကြစေလိုပါကြောင်း၊ ကျောင်းဖွင့်ကာလအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အတွက် လိုအပ်ချက် အခက်အခဲများ ရှိပါက တင်ပြကြရန်နှင့် လိုအပ်ချက်များကိုလည်း အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်ကြားနေဆဲ သိပ္ပံသင်ခန်းစာများနှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယဝန်ကြီးက English ဘာသာရပ် သင်ကြားသင်ယူမှုနှင့် ပတ်သက်၍လည်းကောင်း ကျောင်းသားကျောင်းသူများကို ဆွေးနွေးမေးမြန်းပြီး ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကာ ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး မှာကြားသည်။

 

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း ကျဆင်းနေပြီဖြစ်သောကြောင့် ယနေ့နိုဝင်ဘာ ၁ ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ် (၉) ခုမှ နယ်စပ်ဒေသ မြို့နယ် ၄၆ မြို့နယ်ရှိ စာသင်ကျောင်းများမှလွဲ၍ ကျန်မြို့နယ်များအားလုံးရှိ စာသင်ကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအပါအဝင်)  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်