ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ပျဉ်းမနားမြို့ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံမှ ရုပ်သံလိုင်းများ ထုတ်လွှင့်မှုအတွက် ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်၊  ၁၈  ဇန်နဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ (သပြေတောင်ထပ်ဆင့်လွှင့်စက်ရုံ) မှ ရုပ်သံလိုင်းများ ထုတ်လွှင့်မှုအတွက် ရုပ်သံပေးပို့မှုနှင့် ထုတ်လွှင့်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်ပစ္စည်းများတပ်ဆင်ထားရှိမှုနှင့် ဝန်ထမ်းများ တာဝန်ချထား ဆောင်ရွက်မှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံလွှင့်စက်ခန်း (၁) အတွင်း ကြည့်ရှုစစ်ဆေးရာ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ဒစ်ဂျစ်တယ်စနစ်ဖြင့် ရုပ်မြင်သံကြားထုတ်လွှင့်မှု၊  FM ရေဒီယို အစီအစဉ်များထုတ်လွှင့်နေမှုနှင့် Myanmar Radio International (MRI) ထုတ်လွှင့်ရန် စီစဉ်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍  လွှင့်စက်ခန်း (၂) တွင် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရုပ်သံများပေးပို့မှုနှင့် ထုတ်လွှင့်မှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု၊  စက်ပစ္စည်းများ တပ်ဆင်ထားရှိမှု၊ အသုံးပြုလျက်ရှိသည့် နည်းစနစ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှု၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (တပ်ကုန်း−ရုံးချုပ်) ရှိ သတင်းခန်းနှင့် ချိတ်ဆက် ဆောင်ရွက်မှု၊ DSNG Van ဖြင့် Live Streaming ရိုက်ကူးရေးဆောင်ရွက်မှုနှင့်  ဝန်ထမ်းများ တာဝန်ချထား ဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သတင်းပို့ဆောင်သည့် နည်းပညာသည် ကမ္ဘာ၌ အစဉ်တစိုက် တိုးတက်ပြောင်းလဲလျက်ရှိကြောင်း၊ သို့ဖြစ်၍ ပြောင်းလဲနေသည့် နည်းပညာများနှင့်အတူ လိုက်ပါ ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် လေ့လာရန်နှင့် ခေတ်မီစက်ပစ္စည်းများကို တပ်ဆင်ဖြည့်ဆည်းဆောင်ရွက် သွားရန် လိုအပ်ကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာအသံနှင့် ရုပ်မြင်သံကြား (ရန်ကုန်) ဌာနခွဲမှ ဝန်ထမ်းများ အလှည့်ကျ တာဝန်ထမ်းဆောင်ရန် လာရောက်သည့်အခါ နေထိုင်ရန် စီစဉ်ထားသည့်အဆောင်များကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ တာဝန်ထမ်းဆောင်သည့်အခါ ကိုဗစ်−၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ထမ်းဆောင်စေရေး၊ ပြင်ပရိုက်ကူးရေးတာဝန် ထမ်းဆောင်သည့်ဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရန် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

 

ယင်းနောက်  သပြေတောင်ထပ်ဆင့်လွှင့်စက်ရုံရှိ  ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဝန်ထမ်းများက လုပ်ငန်းတာဝန် အလိုက် ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကိုတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

လွှတ်တော်အစီအစဉ်များနှင့် နေပြည်တော်၌ကျင်းပသော အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုများကို  သက်ဆိုင်ရာ အခမ်းအနားကျင်းပသည့် နေရာများမှ  သပြေတောင်ထပ်ဆင့်လွှင့်စက်ရုံသို့ ပေးပို့ပြီး ၎င်းမှ MRTV (တပ်ကုန်း) သို့ Fiber ဆက်ကြောင်းဖြင့် ပေးပို့လျက်ရှိသည်။ Fiber ဆက်ကြောင်းအပြင် ပျဉ်းမနားနှင့် တပ်ကုန်းကို အရန်ဆက်ကြောင်းအနေဖြင့် Microwave Link ဆက်ကြောင်းဖြင့် ပေးပို့နိုင်ရန်လည်း ဆောင်ရွက်ထားရှိသည်။ ထို့ပြင် နေပြည်တော်နှင့် ဝန်ကြီးဌာနပေါင်းစုံမှ ရုပ်သံသတင်းများ၊ Data File များကိုလည်း MRTV (တပ်ကုန်း) သို့ Fiber ဆက်ကြောင်း၊ ဂြိုဟ်တုဆက်ကြောင်းနှင့် အင်တာနက်ဆက်ကြောင်းများဖြင့် ပေးပို့ဆောင်ရွက်လျက်ရှိသည်။

သပြေတောင်ထပ်ဆင့် လွှင့်စက်ရုံသည် ပျဉ်းမနားမြို ပန်းခင်းရပ်ကွက်တွင် တည်ရှိပြီး  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်  အဆိုပါထပ်ဆင့် လွှင့်စက်ရုံတွင် ရုပ်မြင်သံကြား ရိုက်ကူးရေး ဝန်ထမ်းများ၊  အသံပိုင်းဆိုင်ရာ ဝန်ထမ်းများနှင့် ထပ်ဆင့် လွှင့်စက်ရုံဝန်ထမ်းများ ထားရှိ၍ ၂၄ နာရီ တာဝန် ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။

 

 သတင်းစဉ်