ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ (၁၀) နှစ်ပြည့် အခမ်းအနား၌  ဗီဒီယိုမိန့်ခွန်းပြောကြား

နေပြည်တော်  ၂၈  နိုဝင်ဘာ

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (၁၀) နှစ်ပြည့်အခမ်းအနား (China-ASEAN Free Trade Area 10th Anniversary Forum) ကို ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ Nanning International Convention & Exhibition Center ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ဗီဒီယိုမိန့်ခွန်း ပေးပို့ပြောကြားရာတွင် ယခု ၂၀၂၀ ပြည့်နှစ်သည် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှု‌ဒေသ ထူထောင်သည့် (၁၀)နှစ်ပြည့်သည့် နှစ်တစ်နှစ်ဖြစ်သည့်အပြင် တရုတ်-အာဆီယံ ဒီဂျစ်တယ် စီးပွား‌ရေးပူးပေါင်းဆောင်ရွက်မှု စတင်ဆောင်ရွက်သည့်နှစ်လည်း ဖြစ်ပါကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသတွင် နိုင်ငံပေါင်း (၁၁) နိုင်ငံပါဝင်ပြီး စားသုံးသူဦးရေ (၂) ဘီလီယံခန့်ရှိသည့်အပြင် ကမ္ဘာတွင် စီးပွားရေးဖွံ့ဖြိုးမှု အမြန်ဆုံးဖြစ်သည့် အုပ်စုတစ်ခုဖြစ်ပါကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ စတင်ထူထောင်ခဲ့စဉ်မှစ၍ တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးမားဆုံး ကုန်သွယ်မှုမိတ်ဖက် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉  ကပ်ရောဂါကို ရင်ဆိုင်ကြုံတွေ့ နေရသော်လည်း အာဆီယံနှင့် တရုတ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုမှာ တိုးတက် လျက်ရှိပါကြောင်း။

ထို့ပြင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာလည်း တစ်နှစ်ပြီးတစ်နှစ် တိုးတက်လျက်ရှိပါကြောင်း၊ ယနေ့ အခမ်းအနား သည် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုများကို နောင်နှစ်ပေါင်းများစွာတိုင် နက်နက်ရှိုင်းရှိုင်း နီးကပ်စွာ ဆောင်ရွက်နိုင်ရန်အတွက် အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကိုဗစ်-၁၉  ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ဒေသတွင်းကုန်စည်စီးဆင်းမှုများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ စီးပွားရေးလုပ်ငန်း စတင်ဆောင်ရွက်သူများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ခုခံနိုင်မှု အားနည်းသော အစု အဖွဲ့များအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များ ဖော်ထုတ်ပေးနိုင်ရေးကို  မိမိတို့အနေဖြင့် ယခင်ကထက် နှစ်ဆကြိုးစားအားထုတ်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရန်၊ စီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ဆောင်ရန်၊ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးရန်နှင့် အလားအလာရှိသည့် နည်းပညာများအားအသုံးပြုရေး တွန်းအားပေးဆောင်ရွက်ရန်အတွက် အတူတကွ လက်တွဲဆောင်ရွက်ရန်တို့ကိုလည်း ယနေ့အခမ်းအနားတွင် အလေးထားဖော်ပြထားပါကြောင်း။

ဒီဂျစ်တယ်ပေါင်းစည်းမှုသည် ဒေသတွင်း စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းအားအတွက် အလွန်အရေးကြီးပါကြောင်း၊ အာဆီယံနှင့် တရုတ်နိုင်ငံအကြား ဒီဂျစ်တယ်စီးပွားရေး မြှင့်တင်နိုင်ရန်အတွက် Cyber Space ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေးလိုအပ်သည့် နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှုများကို ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်ခေတ်တွင် အာဆီယံ-တရုတ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်အတွက် အစိုးရအဖွဲ့အစည်းများ သာမက ပြည်သူလူထု အသိုက်အဝန်းတစ်ခုလုံးကို အခြေပြု၍ အခွင့်အလမ်းများ ဖော်ထုတ်နိုင်ရန် ကြိုးစားဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (၁၀)နှစ်ပြည့် ဖိုရမ်အခမ်းအနားတွင် ကိုဗစ်-၁၉ ကာလအတွင်း ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရေး ဆောင်ရွက်မှုများအပြင် post Covid -19 ကာလအတွက် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်မှုများကို ဆောင်ရွက်နိုင်သည့်  သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမည်ဟုလည်း ယုံကြည်ပါကြောင်း။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများသည် နိုင်ငံရေး ကတိကဝတ်တစ်ခုတည်းဖြင့် မအောင်မြင်နိုင်ပါကြောင်း၊ နိုင်ငံများအကြား မတူညီသည့် အခြေအနေနှင့် နက်နဲသိမ်မွေ့သည့်  တန်ဖိုးထားမှုများကို သိရှိနားလည်မှုမှာလည်း အ‌ရေးကြီးပါကြောင်း၊ မိမိအနေဖြင့် အာဆီယံ-တရုတ် နိုင်ငံများအကြား လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင်တစ်ခုကို ထိရောက်စွာ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ (၁၀)နှစ်ပြည့် အခမ်းအနား၌ အာဆီယံ နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် တို့ကဗီဒီယိုမိန့်ခွန်းများ ပေးပို့ပြောကြားကြသည်။

ထို့နောက် တက်ရောက်လာကြသည့် အာဆီယံသံအမတ်ကြီးများနှင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူများက Key Note Speech များပြောကြားပြီး လွတ်လပ်သော ကုန်သွယ်မှုဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။

 ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အာဆီယံ- တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသအတွင်း စျေးကွက်အခွင့်အလမ်းများနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။ 

၁၇ ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲကို နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်