ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ပြည်ပနိုင်ငံများရှိ မြန်မာစီးပွားရေးသံမှူးများအား တွေ့ဆုံ

နေပြည်တော် ၃၀ ဇွန်

 

တရုတ်(ပေကျင်း)၊ တရုတ်(နန်နင်း)၊ တရုတ်(ဟောင်ကောင်)၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဘယ်လ်ဂျီယံနိုင်ငံတို့ရှိ မြန်မာစီးပွားရေး သံမှူးများ၏ ၎င်းတို့တာဝန်ထမ်းဆောင်နေသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်ရေး (၃)နှစ် စီမံချက်များ တင်ပြခဲ့မှုအပေါ် ဆွေးနွေးသည့်အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

 

ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့နိုင်ငံအသီးသီး၏ နယ်ပယ်ကဏ္ဍစုံအပေါ် များစွာသက်ရောက်မှုရှိသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ထိခိုက်မှုများစွာရှိကြောင်း၊ အထူးသဖြင့် အလုပ်အကိုင်အခွင့်အလမ်းအပေါ် သက်ရောက်မှု ကြီးမားသည်ကို တွေ့မြင်ရပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် တက်ညီလက်ညီ ဆောင်ရွက်နေကြကြောင်း၊ စိုက်ပျိုးရေးကို အခြေခံ၍ ပြည်တွင်းဝယ်လိုအား တိုးတက်ရေးနှင့် ထုတ်လုပ်မှု လုံလောက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးသံမှူးများအနေဖြင့် ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလများတွင် အခြားနိုင်ငံများ၏ စီးပွားရေး ပြန်လည်နလန်ထူရေးအတွက် ဆောင်ရွက်ချက်များနှင့် ဈေးကွက်အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာပြီး အစီရင်ခံစာများ တင်ပြသွားရန်တို့ကို မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက စီးပွားရေးသံမှူးများ၏ အဓိကတာဝန်မှာ မိမိနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စီးပွားရေးသံမှူးများ အနေဖြင့် မိခင်ဝန်ကြီးဌာနကိုသာမက မြန်မာနိုင်ငံကို ကိုယ်စားပြုစေလွှတ်ထားခြင်းဖြစ်၍ စီးပွားရေး လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများက ဆက်သွယ်မေးမြန်းလာပါက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဖြေကြားနိုင်ရန်အတွက် အစိုးရ၏မူဝါဒများ၊ ဝန်ကြီးဌာနများ၏ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ချက်များကို လေ့လာထားရန်လိုအပ်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် မိမိတို့၏ စွမ်းဆောင်နိုင်မှုအခြေအနေတို့ကို အမြဲဆန်းစစ်၍ ပိုမိုကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်ရန်အတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဖြည့်စွက်မှာကြားသည်။

 

ထို့နောက် နိုင်ငံအလိုက်စေလွှတ်ထားသည့် စီးပွားရေးသံမှူးများက ၎င်းတို့တင်ပြထားသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး (၃)နှစ်စီမံချက်အပေါ် ဆောင်ရွက်သွားမည့် အစီအမံများ၊ ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ အားသာချက်နှင့် အားနည်းချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 

သတင်းစဉ်

 

mdn