ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ငွေဆောင်၊ ချောင်းသာကမ်းခြေ ခရီးသွားရာသီ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ၁၅

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ငွေဆောင်ကမ်းခြေ ယမုံနာဦးဟိုတယ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသော ငွေဆောင်ကမ်းခြေ ခရီးသွားရာသီဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်များမှ အထွေထွေမန်နေဂျာများ တက်ရောက်ကြသည်။ 

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ငွေဆောင်ကမ်းခြေ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်း၊ အဆောက်အဦများ ဆောက်လုပ်ခြင်းဖြင့် မြေယာရှုခင်းများ ပြောင်းလဲလာခြင်း၊ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်းစသည့် သက်ရောက်မှုများ အနည်းဆုံးဖြစ်စေရေး ဂရုတစိုက် ထိမ်းသိန်း စောင့်ရှာက်သွားရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ယှဉ်တွဲ၍ ငွေဆောင်ကမ်းခြေဒေသ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိသည့် အကြောင်းကို ပြည်သူများ ပိုမိုသိရှိနိုင်ရန် ခရီးသွားရာသီဖွင့်ပွဲကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ လူတို့၏ သဘောသဘာဝမှာ စူးစမ်းသိမြင်လိုသောစိတ်၊ မျော်လင့်တောင့်တသောစိတ်နှင့် မိမိအတွေ့အကြုံကို ပြန်လည်ပြောပြလိုသော စိတ်ဆန္ဒ ပြင်းပြမှုတို့ကြောင့် ခရီးသွား လုပ်ငန်းမှာ အစဉ်အမြဲရှင်သန်နေမည်ဖြစ်ပါကြောင်း။

ခရီးသွားလုပ်ငန်း၏ ဆင့်ပွားအကျိုး သက်ရောက်မှုရှိသောကြောင့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားဧည့်သည်များကို လုံခြုံစိတ်ချသော ဝန်ဆောင်မှုကောင်းများ (Safe Services) ပေးနိုင်ရန်အတွက် ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုဆိုင်ရာ သင်တန်း (Health and Safety Protocol -HSP) များကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ဆက်စပ်လုပ်ကိုင်နေသည့် ဝန်ထမ်းများအနေဖြင့်  ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်အညီ လိုက်နာလုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ငွေဆောင်ကမ်းခြေဒေသသို့ ခရီးသွားဧည့်သည်များ ပျော်ရွင်ချမ်းမြေ့စွာ လာရောက်လည်ပတ်သည့် ကမ်းခြေခရီးစဉ်တစ်ခုဖြစ်စေရေး အစိုးရ၊ လုပ်ငန်းရှင်၊ ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ငွေဆောင်ကမ်းခြေ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ယမုံနာဦး ဟိုတယ်ကမ်းခြေရှိ သဲသောင်ပြင်တွင် ငွေဆောင်ကမ်းခြေဒေသ ခရီးသွားရာသီဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည့် ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များ လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချောင်းသာကမ်းခြေ  Azura Hotel ၌ ကျင်းပသော ခရီးသွားရာသီဖွင့်ပွဲ အခမ်းအနားသို့တက်ရောက် အမှာစကားပြောကြားသည်။ 
 
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ချောင်းသာကမ်းခြေ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက Azura Hotel ကမ်းခြေရှိ သဲသောင်ပြင်တွင် ချောင်းသာကမ်းခြေဒေသခရီးသွားရာသီ ဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ကြောင်းသိရသည်။ 

သတင်းစဉ်