ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ၂၇ နိုဝင်ဘာ
    
(၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အာဆီယံနှင့် UNESCAP တို့ ပူးပေါင်းရေးဆွဲသည့် ASEAN-UNESCAP Ready for the Dry Years အစီရင်ခံစာ ဒုတိယအကြိမ် ထုတ်ဝေမှုကို မိတ်ဆက်ပြီး  ဒေသတွင်း မိုးခေါင်ရေရှား ဘေးအန္တရာယ်ဆိုင်ရာ မှတ်တမ်းတင် ဗွီဒီယိုပြသသည်။ 

ထို့နောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ရာ အလှည့်ကျအိမ်ရှင်ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၊ Office of the Civil Defense မှ Under Secretary ဖြစ်သူ Mr. Ricardo B. Jalad က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။ 
 
ယင်းနောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများက နိုင်ငံအလိုက် မိန့်ခွန်းပြောကြားကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဖိလစ်ပိုင်နိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းများကြောင့် သေဆုံးခဲ့သူများနှင့် ထိခိုက်ဆုံးရှုံးမှုများအတွက် များစွာစိတ်ထိခိုက်ရပါကြောင်း၊ ပေါင်းစည်းညီညွတ်သည့် အာဆီယံ အစဉ်အလာနှင့်အညီ ဖိလစ်ပိုင်နိုင်ငံနှင့် အတူတကွရှိပါကြောင်း၊ အခက်အခဲများအကြားတွင် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် ဝန်ကြီးအဆင့်အစည်းအဝေးများကို ကျင်းပနိုင်သည့်အတွက်လည်း ဂုဏ်ယူမိပါကြောင်း၊ ဘေးအန္တရာယ်များသည် နိုင်ငံများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သကဲ့သို့ ဒေသတွင်း စိုးရိမ်ဖွယ်ရာကိစ္စ ဖြစ်သည့်အပြင် ကမ္ဘာ့အဆင့်တွင် မဖြစ်မနေ ရင်ဆိုင်တုံ့ပြန်ရမည့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်လာပါကြောင်း။

ကမ္ဘာ့နိုင်ငံများတွင် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉  ကပ်ရောဂါသည် အာဆီယံနိုင်ငံများအတွက်လည်း စိန်ခေါ်မှုတစ်ခုဖြစ်ရာ ပြီးပြည့်စုံသည့်အာဆီယံ ပြန်လည်ထူထောင်ရေးဆိုင်ရာ မူဘောင်သည် ကိုဗစ်-၁၉  ကြောင့် ဖြစ်ပေါ်လာသည့် ရေရှည်အကျိုးဆက်များကို ကုစားပေးနိုင်ရေးအတွက် ဦးစားပေးအစီအစဉ်တစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်-၁၉   စီးပွားရေးကုစားမှု အစီအစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော်လျက်ရှိပြီး ထိခိုက်လွယ်အုပ်စုများအတွက် ကာကွယ်စောင့်ရှောက် ထောက်ပံ့မှုများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
    
သဘာဝဘေးစီမံခန့်ခွဲရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူ စာချုပ်အရ လုပ်ငန်းအစီအစဉ် (AADMER Work Programme – AWP) (၂၀၂၁-၂၀၂၅) ကို အသစ်ရေးဆွဲထားပြီးဖြစ်ရာ အကောင်အထည်ဖော်မှုများကို ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ် ကျရောက်ချိန်များတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ၏ ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းသည် များစွာအရေးကြီးသည်ဖြစ်ရာ ယင်းအတွက်ကိုလည်း အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အာဆီယံဒေသအနေဖြင့် ဖြစ်ရိုးဖြစ်စဉ် ဘေးအန္တရာယ်များအပြင် အခြားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ နည်းပညာဆိုင်ရာနှင့် ဇီဝဆိုင်ရာ ဘေးအန္တရာယ်များအတွက်ပါ အသင့်ဖြစ်နေစေရန် ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့်အတိုင်း ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့် ဒေသပြင်ပ၏ တည်ငြိမ်အေးချမ်းမှုကို တိုးမြှင့်လုပ်ဆောင်ပေးခြင်းအားဖြင့် ပြောင်းလဲမှုအမျိုးမျိုးကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းကာ ၂၀၂၅ အာဆီယံ မျှော်မှန်းချက်ဖြစ်သည့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုတွင် ကမ္ဘာ့အဆင့် ဦးဆောင်သူ ဖြစ်လာစေရေးကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးအစီရင်ခံစာများကို ဖတ်ကြားတင်ပြရာ ဝန်ကြီးများက လိုအပ်သည်များကို အကြံပြု လမ်းညွှန်ပေးကြသည်။
    
ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်တွင် အသစ်ရေးဆွဲထားသည့်  သဘာဝဘေးစီမံခန့်ခွဲရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်အရ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) ကို ဝန်ကြီးများက အတည်ပြုခဲ့ကြပြီး မှတ်တမ်းဓါတ်ပုံ ရိုက်ကူးကြသည်။ 

ထို့အပြင် (၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၏ သဘာပတိကြေညာစာတမ်းကို ထုတ်ပြန်ခြင်း၊ ဖိလစ်ပိုင်နိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်အတွင်း ဆောင်ရွက်တိုးတက်မှုများကို မှတ်တမ်းတင်ဗွီဒီယိုပြသခြင်း၊ ၂၀၂၁ ခုနှစ်၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ စင်္ကာပူနိုင်ငံသို့ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ခြင်းနှင့် စင်္ကာပူနိုင်ငံက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ (၉) ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး ကျင်းပမည့် နေ့ရက်နှင့်နေရာသတ်မှတ်ခြင်း၊ ဝန်ကြီးအဆင့် အစည်းအဝေး အစီရင်ခံစာမူကြမ်းအား ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ 

ယနေ့ကျင်းပသည့် ဝန်ကြီးအဆင့်အစည်းအဝေးမတိုင်မီ နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက် တို့တွင် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ကျင်းပခဲ့ရာ အဆိုပါ ကော်မတီ၏ အဖွဲ့ဝင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် ဦးဆောင်၍ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

(၈)ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများ၊ အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ၏ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွက် လူသားချင်း စာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) တို့မှ ကိုယ်စားလှယ်များက ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်