ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အသွားအလာကန့်သတ်ခြင်း (Quarantine) နေရာများတွင် အသိပညာပေးခြင်းနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်  ၄ ဧပြီ

 

Coronavirus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်း ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီ စောင့်ရှောက်မှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Community Based Facility Quarantine) ဆောင်ရွက်ပေးနေသည့် နေရာများ၌ အသိပညာပေးခြင်းနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးသည် အချိန်နာရီ၊ နေ့ရက်ရွှေ့ဆိုင်း၍ မရသောလုပ်ငန်းဖြစ်ကြောင်း၊ လုပ်ငန်းများအချိန်မီ လည်ပတ်နိုင်ရန်နှင့် ရောဂါကူးစက်ပြန့်နှံ့မှု ထိန်းချုပ်နိုင်ရန် လူအင်အားအနည်းဆုံးဖြင့် အထိရောက်ဆုံး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယနေ့ညှိနှိုင်းခြင်းကိုလည်း မိမိတို့နေအိမ်များမှနေ၍ အိုင်တီနည်းပညာ အသုံးပြုပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အသွားအလာ ကန့်သတ်ခြင်း (Quarantine) ခံရသူများအတွက် မည့်သည့်အတွက်ကြောင့် အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ရသည်ကို ကောင်းစွာနားလည် သဘောပေါက်စေရန် အသိပညာပေးရန်လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးသည် လူ့ခန္ဓာ ကိုယ်ပေါ်မှတစ်ဆင့် အခြားသူနှင့် ထိတွေ့ပြီးကူးစက်ခြင်းဖြစ်ရာ အသွားအလာကန့်သတ်ခြင်းအားဖြင့် ထိတွေမှု များကို ကန့်သတ်နိုင်ပြီး ကူးစက်မှုများကို ထိန်းချုပ်နိုင်မည်ဖြစ်သည်ကို အများစု သဘောပေါက် နားလည်စေ နိုင်သောစကားဖြင့် ပညာပေးရန်လိုအပ်ပါကြောင်း။

 

ရောဂါပိုးကူး စက်ခံရနိုင်ခြေရှိသည်ဟု ယူဆထား၍ အသွားအလာကန့်သတ်ခြင်းဖြစ်ရာ မိမိ မိသားစုနှင့် မိမိ ရပ်ကွက်၊ ကျေးရွာအတွင်း ရောဂါပြန့်ပွားမှုမရှိစေရန် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ဆိုးရွားစွာ ပြန့်နှံ့နေသောကပ်ရောဂါကို မိမိတို့ ရပ်ကွက်၊ ကျေးရွာအတွင်း ပြန့်ပွားမှုမရှိအောင် မိမိကဆောင်ရွက်နိုင်စွမ်း ရှိသည်ဟု ဂုဏ်ယူရန်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဗဟုသုတများကို မှန်ကန်စွာသိရှိ နားလည်သဘောပေါက်ပြီး  စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ (၁၄) ရက် (Quarantine) ကာလပြီးမြောက်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများ၏  ထုတ်ပြန်ညွှန်ကြားချက်များကို ဆက်လက်လိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မိမိနှင့် ပတ်ဝန်းကျင်တစ်ခုလုံး ရောဂါပိုးကူးစက်ခံရခြင်းဘေးမှ ကင်းလွတ်မည်ဖြစ်ကြောင်းကို ပညာပေးဆောင်ရွက်ရန်လိုအပ်ကြောင်း။

 

အသိပညာပေးမည့် စာသားများပြုစုပြီး Coronavirus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြ၍ အတည်ပြုချက်ရယူကာ အသံသွင်းခြင်း၊ ဗီနိုင်းများ စိုက်ထူခြင်းကို ဆက်လက် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ထိုသို့ ပညာပေးဆောင်ရွက်ရန် စေတနာလုပ် အားရှင်( Volunteer) များ၏ ပူးပေါင်းဆောင်ရွက်မှုကိုရယူရန် စီစဉ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ကြ မည့်သူများကိုလည်း သိရှိပူးပေါင်းလိုက်နာရမည့် အချက်များကို စနစ်တကျ ဆွေးနွေးလေ့ကျင့် ပေးရမည် ဖြစ်ကြောင်းနှင့်  မိမိတို့ဝန်ကြီးဌာနက ပြုစုထားသော စေတနာဝန်ထမ်းများစာရင်းကို မြို့နယ်များအလိုက် ပြန်လည်စိစစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးဦးစိုးအောင်က တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဆင့်၌ ဖွဲ့စည်းထားသော ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ခွဲများသို့ လူမှုအဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ရေးအတွက် အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက အသွားအလာ ကန့်သတ်ခြင်း (Quarantine) ခံရသူများအတွက် ပညာပေးခြင်းဆောင်ရွက်မည့် စာသားပြုစုခြင်း၊ အတည်ပြုခြင်းနှင့် လူအင်အားများစွာအသုံးမပြုရဘဲ ပညာပေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်  အသံသွင်း၍ လက်ကိုင်အသံချဲ့စက် သို့မဟုတ် အသံချဲ့စက်များဖြင့် Quarantine ဆောင်ရွက်သည့် နေရာများ၌ ထပ်ခါထပ်ခါ အသံထုတ်လွှင့်ခြင်း နည်းလမ်းဖြင့် ဆောင်ရွက်ခြင်း၊  အသိပညာပေးဗီနိုင်းများ စိုက်ထူခြင်းကိစ္စများနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ထိတ်လန့် တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်းစသော စိတ်ခံစားမှုရှိနေသူ များအတွက် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် online Training ပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးမှုခံယူလိုသူများအတွက် ယုံကြည်စိတ်ချစွာ တိုက်ရိုက်ဆက်သွယ်နိုင်သော Hot Line နံပါတ်များ သတ်မှတ် အသိပေးခြင်း စသည့်တို့ကို ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်