ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြစ်ကြီးနားမြို့ ပရဟိတဂေဟာနှင့် နေရပ်စွန့်ခွာပြည်သူများရှိသော စခန်းများသို့ သွားရောက်၍ ထောက်ပံ့မှုများ ဆောင်ရွက်

မြစ်ကြီးနား ၉ ဇန်နဝါရီ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေတ္တာရင်ခွင် ပရဟိတဂေဟာနှင့် လယ်ကုန်းဗက်လင် နေရပ်စွန့်ခွာပြည်သူများရှိသော စခန်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ကူညီထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ မေတ္တာရင်ခွင် ပရဟိတဂေဟာ၌ ကလေးသူငယ်များနှင့် တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများ ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြခြင်းဖြစ်၍ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် အချင်းချင်းညီညွတ်မျှတစွာ ငြိမ်းချမ်းမှုကို ဖော်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်မှု အားလုံးသာတူညီမျှ ခံစားရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်တက်ရောက်နေသူများနှင့် အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ငွေကျပ် ၂၃၄၄၀ဝ၀၊ ဆန်ဖိုးငွေ၊ စားစရိတ်နှင့် ဝတ်စုံစရိတ်တို့အတွက် ထောက်ပံ့ငွေကျပ် ၁၈၃၆၀ဝ၀ဝ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ကလည်း တီရှပ်၊ ပုဆိုး၊ ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်သည်။ 

 

ယင်းနောက် ဂေဟာအတွင်းရှိ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ လှူဒါန်းထားသော ကလေးပျော်နေရာတွင် ကလေးများအား တွေ့ဆုံ၍ အာဟာရမုန့်များနှင့် အရုပ်များဝေငှခဲ့ပြီး ပရဟိတဂေဟာအတွင်း ဆောင်ရွက်ထားသော နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်လေ့လာကြည့်ရှုသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ကုန်းဗက်လင် နေရပ်စွန့်ခွာပြည်သူများရှိသော စခန်းသို့ရောက်ရှိပြီး စခန်းနေပြည်သူများနှင့် တွေ့ဆုံသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ် တက်ရောက်နေသူများနှင့် အခြေခံအဆင့် ကျောင်းသူ ကျောင်းသားများအတွက် ထောက်ပံ့ငွေကျပ် ၂၆၁၈၀ဝ၀၊ ဆန်၊ ဆီ၊ ဆား၊ ပဲ (၁) လစာ ထောက်ပံ့ငွေကျပ် ၆၈၂၆၈၇၅၊ အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ ယာဉ်မောင်း သင်တန်းတို့အတွက် ထောက်ပံ့ငွေကျပ် ၄၈၅၇၅၀ဝ နှင့် အသက်(၅)နှစ်အောက် ကလေး၊ ကိုယ်ဝန်ဆောင်မိခင်၊ အမျိုးသမီး ဦဆောင်သော မိသားစုများအတွက် ထောက်ပံ့ငွေကျပ် ၁၀၅၀ဝ၀ တို့ကို ထောက်ပံ့ပေးအပ်ကာ ကလေးငယ်များကို အာဟာရမုန့်များ ဝေငှပေးခဲ့သည်။ ယနေ့ ထောက်ပံ့ငွေ စုစုပေါင်းမှာ ငွေကျပ် ၃၆၀၅၆၃၇၅ ဖြစ်ကြောင်း သိရသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြစ်ကြီးနားမြို့အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများ စခန်းရှိရာ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။

 

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့်  ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


 
(သတင်းစဉ်)