ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများရှိ ဝန်ထမ်းများ COVID-19 ရောဂါအတွက် ဆောင်ရွက်နေမှုကို Video Conferencing ဖြင့် လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်

နေပြည်တော်  ၂၉  မတ်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တို့နှင့်အတူ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ညွှန်ကြားရေးမှူးများ၏ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို သိရှိလမ်းညွှန်မှုပြုနိုင်ရန်အတွက် နေအိမ်များမှ အင်တာနက်ကွန်ရက် Video Conferencing ဆောင်ရွက်သည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ထမ်းများအနေဖြင့်  ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ဒေသအသီးသီးတွင် အသိပညာပေးနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်မှ အမျိုးသားအဆင့် ဗဟိုကော်မတီ ဖွဲ့စည်း၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာတွင် ပြည်ပမှ ပြန်လည်ရောက်ရှိသူများအား သတ်မှတ်နေရာ အဆောက်အဦများတွင်ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်း အစီအစဉ် (Community Based Facility Quarantine) တွင် ဆောင်ရွက်ရခြင်း အကြောင်းအရင်းကို သဘောပေါက်နားလည်းပြီး  ပူးပေါင်းပါဝင်စေရေးအတွက် ယခုကဲ့သို့ပင် သက်ဆိုင်ရာဌာန အသီးသီးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း။

 

ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP)များအား စခန်းများတွင် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းနှင့် ထောက်ပံ့ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ကွင်းဆင်းဆောင်ရွက်နေကြသည့် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးအတွက်  ၎င်းတို့ကိုယ်တိုင်  မကြာခဏ လက်ဆေးခြင်း အလေ့အကျင့်ရှိစေရေး၊ လုံလောက်သော Maskနှင့် လက်သန့်ဆေးရည်များရရှိရေး တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများမှ အနီးကပ်ကြီးကြပ် ပံ့ပိုးပေးစေလို ကြောင်းနှင် လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ စိစစ်ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ IDP စခန်းများတွင် စီမံချက်ပါ လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ရာ၌ အချိန်ကာလသတ်မှတ် လျာထားမှုနှင့်အတူ လိုအပ်မည့် ပစ္စည်းကိရိယာ၊ ကုန်ကျစရိတ်တို့ကို တွတ်ချက်ထားသော ဆောင်ရွက်နေသည့် အစီအစဉ်များကို တင်ပြကြရန် ၊ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန်နှင့် ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လူအင်အားအနည်းဆုံးဖြင့် အထိရောက်ဆုံး လှုပ်ရှားမှုဖြစ်စေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နည်းပညာရပ်ဆိုင်ရာပံ့ပိုးမှု၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဆက်လက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက အမျိုးသားအဆင့်ဗဟိုကော်မတီက ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ကာ လမ်းညွှန်မှုများ ပေးနေမှုအခြေအနေနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လိုက်ပါဆောင်ရွက်ရန်များ၊ ယခင်ကပင် သဘာဝဘေးလျော့ပါး ရေးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်နေသည့် ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် စနစ်တကျ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်တို့ကို လိုအပ်ချက်အလိုက် ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဦးစီးမှူးများက ပြည်သူလူထု အကြား ဆက်လက်ဆောင်ရွက်လျက်ရှိသည့် ထုတ်ပြန်ပြီးဖြစ်သော ဥပဒေများကို လေးစားလိုက်နာရန်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို သိရှိစေရန် အသိပညာပေးခြင်းလုပ်ငန်းနှင့် IDP စခန်းများတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းနှင့် ထောက်ပံ့မှုအခြေအနေများကို တင်ပြကြသည်။

 

ယင်းနောက် နေရပ်စွန့်ခွာသူ IDP များနှင့် ပြည်ပမှ ပြန်လာသူများရှိသော နေပြည်တော် ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လုပ်ငန်းများ လက်တွေ့ဆောင်ရွက်ရာ၌ မြေပြင်အခြေအနေအရ တွေ့ရှိရသည့် လိုအပ်ချက်များ၊ အဆုံးအဖြတ်ပေးရန်နှင့် ဖြည့်ဆည်းပေးရမည့် အချက်များကို မိမိတို့နေအိမ်များမှ အသီးသီး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် မြေပြင်အခြေအနေအရ ဝန်ကြီးဌာနက ဖြည့်ဆည်းပေးနိုင်သည်ကို အမြန်ဆုံးဖြည့်ဆည်းပေးသကဲ့သို့ ဆက်လက်တင်ပြ ဆုံးဖြတ်ဆောင်ရွက်ရမည့် ကိစ္စများကိုလည်း အမြန်ဆုံးဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ အသိပညာပေးလုပ်ငန်းအပြင် ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများ သတ်မှတ်နေရာ အဆောက်အဦများတွင်ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်း အစီအစဉ်တွင် အဓိကကျသည့် နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းကို သက်ဆိုင်ရာဦးစီးဌာနများရှိ ကျွမ်းကျင်သူများက ဆက်စပ်ဝန်ကြီးဌာနများရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်