ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး၍ ပြန်လည်ထူထောင်ရေး ကိစ္စများစီစဉ်ဆောင်ရွက်ပေး

ဖျာပုံ  ၆ ဇန်နဝါရီ   

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာရှိ မီးဘေးသင့်ပြည်သူများထံ သွားရောက်တွေ့ဆုံအားပေး၍ လိုအပ်သော ထောက်ပံ့မှုများဆောင်ရွက်ပေးသည်။ 

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် ဇန်နဝါရီ ၃ ရက်က မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၁၇၈)လုံးပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများကို သွားရောက်ကြည့်ရှုပြီး မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စုများအတွက် လတ်တလောစားသုံးရန် ဆန်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ၊ အိမ်ဆောက်ပစ္စည်း၊ အိမ်မိုးသွပ်နှင့် ဆိုလာမီးအိမ်များကို နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ထောက်ပံ့ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ တစ်ဦးချင်းစီ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး ခံစားခွင့်ရရှိမည့်သူများ အပြည့်အဝခံစားရရှိရန် ထိရောက်သောစီမံမှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖေါင်ဒေးရှင်းများ၊ ပုဂ္ဂလိကအလှူရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မီးဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၈,၂၈၀,၀၀၀)ကျပ်၊ အဘိုးအဘွား (၁၇)ဦးအတွက် ထောက်ပံ့ငွေ (၅၁၀,၀၀၀)ကျပ်၊ ကိုယ်ဝန်ဆောင်မိခင် (၁၂)ဦးအတွက် ထောက်ပံ့ငွေ (၃၆၀,၀၀၀)ကျပ်၊ မိခင်ဝိုင်း (၁)ဝိုင်းအတွက် ထောက်ပံ့ငွေ (၅၁၀,၀၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဝယ်ယူရန် (၁၉,၃၅၀,၀၀၀)ကျပ်၊ အိမ်မိုးသွပ် (၇,၂၀၀)ချပ်၊ ပြောင်သွပ် (၃၆၀)ချပ်၊ ကျားလုံချည် (၃၇၅)ထည်၊ မလုံချည်(၃၇၅)ထည်၊ ခြင်ထောင် (၇၀၈)လုံး၊ ချည်စောင် (၇၀၈)ထည်၊ ကျောင်းဝတ်စုံ (၁၅၄)စုံ၊ ဗလာစာအုပ် (၁၅၄)ဒါဇင်၊ ဆိုလာမီးအိမ် (၂၅၀)လုံး၊ ပစ္စည်း(၁၆)မျိုးပါ မိသားစုသုံးကယ်ဆယ်ရေးပစ္စည်း (၁၇၈)ပုံးတို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 

 

ထို့နောက် ချောင်းဝကျေးရွာ၊ သာသနာ့တံခွန်ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

 

မီးဘေးသင့်ပြည်သူများ ခေတ္တခိုလှုံရာ သာသနာ့တံခွန်ဘုန်းတော်ကြီးကျောင်းတွင် ဖျာပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကဦးဆောင်သော ပြည်သူ့ထံအရောက် ရွေ့လျားဝန်ဆောင်မှုအဖွဲ့ကလိုအပ်သော မီးဘေးသင့် ပြည်သူများအတွက် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနှင့် ရေလုပ်သားသက်သေခံကတ်ပြားများကို အသစ်ပြန်လည် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းဖွင့်လှစ်ပေးခြင်း၊ တပ်မတော်နယ်လှည့် အထူးကုဆေးခန်း ဖွင့်လှစ်ခြင်းများဆောင်ရွက်ပေးလျက်ရှိသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ သမိန်ထောကျေးရွာသို့ ရောက်ရှိကြပြီး ကုန်းတန်းဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာသူ/သားများနှင့်တွေ့ဆုံ၍ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဖြစ်သော သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင်ပေးအပ်ခြင်း၊ မသန်စွမ်းသူများကိုထောက်ပံ့ခြင်း၊ မိခင်ဝိုင်း (၅)ဝိုင်းဖွင့်လှစ်ရန်အတွက် ငွေကြေးထောက်ပံ့ခြင်းများကိုဆောင်ရွက်ခဲ့ပြီး မိခင်ဝိုင်းများတွင် ကလေးများကိုစနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ကြောင်း လက်တွေ့အမှိုက်စွန့်ပစ်ခြင်းသရုပ်ပြဆောင်ရွက်ခဲ့ပြီး အာဟာရ မုန့်များနှင့် ကစားစရာအရုပ်များကိုဝေငှပေးခဲ့သည်။

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ စုစုပေါင်းမှာ (၇၉,၉၃၀,၄၄၃)ကျပ်နှင့် ဖျာပုံမြို့နယ်ရှိ ပြည်သူများအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ငွေစုစုပေါင်းမှာ (၄၄,၇၈၈,၁၀၀) ကျပ် ဖြစ်ကာ  ယနေ့ထောက်ပံ့ငွေစုစုပေါင်းမှာ (၁၂၄,၇၁၈,၅၄၃)ကျပ်ဖြစ်ပြီး ခရီးစဉ်တွင် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)