ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပျဉ်းမနားမြို့နယ် အရှေ့ခြမ်း တောင်ပေါ်ဒေသ တိုင်းရင်းသား ပြည်သူများ၏ လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းဖြည့်ဆည်း

နေပြည်တော်  ၃၀  နိုဝင်ဘာ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် ယနေ့နံနက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ပျဉ်းမနားမြို့နယ် အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသ တိုင်းရင်းသားကျေးရွာများဖြစ်သည့် ဘို့မကျေးရွာအုပ်စုသို့ သွားရောက်ပြီး ကျေးရွာတာဝန်ခံ များနှင့်တွေ့ဆုံကာ တိုင်းရင်းသားများ၏ အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်း နိုင်ရေးဆွေးနွေးညှိနှိုင်းပြီး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်။

ဒေသခံများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နေပြည်တော်နှင့် အလှမ်းမဝေး လှသော်လည်း သွားလာရေးခက်ခဲမှုကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသည့် ဒေသဖြစ်သောကြောင့် လိုအပ်မှုများကို သိရှိရန်နှင့် ကူညီထောက်ပံ့မှုများပေးနိုင်ရန် လာရောက်ရခြင်းဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ သာတူညီမျှခံစားရရှိရေးကို ဥပဒေနှင့် အညီဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်ထွန်းကားရေး ဆောင်ရွက်ရာတွင် ယခုအချိန်သည် အကူးအပြောင်းကာလဖြစ်ကြောင်း၊ အစိုးရ၏ ပထမ(၅)နှစ်သက်တမ်းတွင် ဒီမိုကရေစီအုတ်မြစ်ကို ချခဲ့ပြီး ဒီမိုကရေစီ ခိုင်မာတည်တံ့ရေးနှင့် စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးကို ဆက်လက်ကြိုးပမ်းမည် ဖြစ်ပါကြောင်း။

 ယခုကျေးရွာများကဲ့သို့ နောက်ကျ ကျန်ခဲ့သောဒေသများတွင် ပိုမိုအားဖြည့်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များကို အစိုးရအနေဖြင့်သိရှိအောင် ပြည်သူ့ကိုယ်စား ပြည်သူ့ကိုယ်စားလှယ်များက ဆောင်ရွက်ပေး ရမည်ဖြစ်ပါကြောင်း၊ ကျေးရွာရှိတိုင်းရင်းသား ပြည်သူများကလည်း မိမိတို့ကြုံတွေ့ခံစားရသော အခက်အခဲများ၊ လိုအပ်ချက်များကို ဆွေးနွေးဖော်ထုတ်ရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပြည်သူတစ်ဦးချင်း၏ အခွင့် အရေးများကို ဖြည့်ဆည်းပေးရာ၌ လိုအပ်သော မူဝါဒ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရသဖြင့် အလျင်အမြန် ဖြည့်ဆည်းမပေးနိုင်သည့် ကိစ္စများလည်းရှိပါကြောင်း၊ သို့သော်လည်း အစိုးရအနေဖြင့် လာမည့်နှစ်များတွင် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားအများစုနေထိုင်သည့် ပြည်နယ်များတွင် ဉပဒေအရ သာတူညီမျှ ခံစားရရှိစေပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ အစည်းအဝေးကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပါဝင်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုံသဘောတူညီချက်အချို့ရရှိခဲ့ပြီး ထာဝရငြိမ်းချမ်းရေးကို ဦးတည်သည့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် များကိုလည်း ချမှတ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြိုင် တည်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များ ဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းတို့အပြင်   ပဋိသန္ဓေတည်သည်မှစ၍ သက်ကြီးရွယ်အိုအထိ တစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ဖော်ဆောင်ပေးရသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးကြစေလိုပါကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်ချက်များအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်ဖြည့်ဆည်းပေးရမည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုအချိန်သည် COVID-19 ကပ်ရောဂါကို ထိန်းချုပ်ဆောင်ရွက်နေရချိန်ဖြစ်သဖြင့် မိမိတို့ဒေသရှိ တိုင်းရင်းသား ပြည်သူများအနေဖြင့် COVID-19 ကပ်ရောဂါဆိုင်ရာ စည်းကမ်းများ၊ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာပြီး ရောဂါမပြန့်ပွားစေရေး အသိသတိဖြင့် လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများ၏ လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှု အခြေအနေနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးမည့် အခြေ အနေတို့ကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် တိုင်းရင်းသားကျေးရွာအုပ်စု (၇) စုဖြစ်သည့် ကိုးတစ်၊ ဘန့်ဘား၊ သစ်တွန်၊ ပြည်ထောင်ကိုး၊ ဘို့မ၊ မဲပေါက်၊ အလယ်ချောင်းတို့မှ ကျေးရွာတာဝန်ခံများက ကျေးရွာများတွင် အဓိက ဖြည့်ဆည်းပေးရန်လိုအပ်သော မိုဘိုင်းတယ် လီဖုန်းလိုင်းများ ဖြည့်ဆည်းပေးရေး၊ အိမ်သုံးဆိုလာမီးလင်းရေး လက်ရှိအခြေအနေနှင့် ဖြည့်ဆည်း ပေးရန်လိုအပ်ချက်များ၊ သဘာဝဘေးကြောင့်ပျက်စီးသွားသော ကုန်ထုတ်လမ်းများနှင့် တံတားများ ပြုပြင်ပေးရေး နှင့် အသစ်တည်ဆောက်ပေးရန်လိုအပ်မှုများ၊  သောက်သုံးရေရရှိရေး စိမ့်စမ်းရေသွယ်တန်းခြင်း လိုအပ်ချက်များ၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြကြသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူး ချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများက တင်ပြဆွေးနွေးခဲ့ကြသော လိုအပ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနအလိုက် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး ဆက်လက်ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ပြန်လည်ရှင်းလင်း ပြောကြား ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘို့မအုပ်စု ကျေးရွာတာဝန်ခံများထံ လျှပ်စစ်မီးအတွက် အိမ်သုံးဆိုလာမီးအိမ် (၆၃)လုံး၊ ရေမလိုလက်သန့်ဆေးရည်၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို ထောက်ပံ့ ပေးအပ်ပြီး ဘို့မအုပ်စုကျေးရွာ (၄)ရွာနှင့် အလယ်ချောင်းအုပ်စု (၅)ရွာတို့တွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးတွင် အသုံးပြုရန် စုစုပေါင်းငွေကျပ် (၉)သိန်းနှင့် ကလေးငယ်များအတွက် ကစားစရာ အရုပ် များနှင့်အာဟာရမုန့်များကို ပံ့ပိုးပေးကြသည်။

သတင်းစဉ်