ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၉၇) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်   ၂၄   ဇန်နဝါရီ 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၇) ရဲသူရတပ်ခွဲသင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၄ရက် နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ တက်ရောက်မိန့်ခွန်းပြောကြားသည်။
     
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးခဲ့ပြီး ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန် လျှောက်ဖြင့် ချီတက်အလေးပြုသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း ကောင်းမြတ်ဝင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း နေမျိုးဟိန်း၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်းဝေဖြိုးအောင် (၁)၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း ဉာဏ်လင်းအောင်၊ အင်္ဂလိပ်စာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ငြိမ်းချမ်းတို့အား ဆုများချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တပ်ဖွဲ့နှင့်ဌာနအတွက် ယုံကြည်အားကိုးရသည့် အရာရှိကောင်းများအဖြစ် ခေါင်းဆောင်မှုအရည်အသွေးကို ကောင်းစွာသိရှိနားလည်ပြီး တပ်ဖွဲ့ဝင်များအပေါ် စံနမူနာပြဖြစ်နေရုံသာမက အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံ၍ကောင်းမွန်သော အတွေးအခေါ်၊ မှန်ကန်သည့် ခေါင်းဆောင်မှု၊ ဥပဒေနှင့်ညီညွတ်သောအမိန့်၊ မျှတသော ဆုံးဖြတ်ချက်များဖြင့် မိမိကွပ်ကဲရသည့်တပ်ဖွဲ့ကို တိုးတက်မှုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိတ်ရင်းစေတနာကောင်းမွန်ခြင်း၊ ဗဟုသုတပြည့်စုံကာတိကျသေချာခြင်း၊ လက်အောက်ငယ်သားများ ထက် ပိုမိုအနစ်နာခံခြင်း၊ ကိုယ်ချင်းစာစိတ်ရှိခြင်း၊ ဆင်ခြင်တုံတရားနှင့် အမှားအမှန်ဝေဖန် ပိုင်းခြားနိုင်ခြင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများ နှံ့စပ်ကျွမ်းကျင်ခြင်း၊ လူ့သဘောသဘာဝကို သိရှိ နားလည်ခြင်းစသည့် အရည်အချင်းများဖြင့် တော်တည့်မှန်ကန်စွာ ဦးဆောင်မှုများ ပေးသွားရမည့်အပြင် အရေးပေါ်အခြေအနေများတွင် ဇွဲ၊ လုံ့လ၊ ဝီရိယရှိရှိဖြင့် ခေါင်းဆောင်ကောင်း ပီသစွာ ကွပ်ကဲနိုင်စွမ်းရှိရမည်ဖြစ်ကြောင်း။

လေ့ကျင့်သင်ကြားပေးလိုက်သည့် သင်ခန်းစာဘာသာရပ်များကို အခြေခံ၍ လက်တွေ့ လုပ်ငန်းနယ်ပယ်တွင် ကြုံတွေ့လာမည့် အတွေ့အကြုံများအား မိမိကိုယ်ပိုင်အရည်အချင်း ထိုးထွင်းဉာဏ်တို့ဖြင့် ပေါင်းစပ်ကာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် မျက်မှောက်ခေတ်ကာလတွင် ပြည်သူတို့ဘဝ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်သူကအားကိုးသည့် ခေတ်မီရဲတပ်ဖွဲ့ကြီးဖြစ်အောင် ရည်မှန်းချက်တာဝန်(၄)ရပ် ချမှတ်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အခက်အခဲ၊ စိန်ခေါ်မှုအသစ်များကို အမြဲမပြတ် ထိတွေ့နေရမည်ဖြစ်သဖြင့် အစဉ်သတိပြု၍ အသင့်ဖြစ်နေအောင် စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ပြည်တွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အစိုးရ၏ မူဝါဒများနှင့်အညီ ပြည်သူနှင့်အတူ လက်တွဲပြီး ထိရောက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရမည့်အပြင် နယ်စပ်လုံခြုံရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ 

အကောင်းအဆိုးများကို ဝေဖန်ပိုင်းခြား အထောက်အကူပြုပေးနိုင်သည့် သုတ၊ ရသ စာပေများကို ဖတ်ရှုလေ့လာ၍ ရရှိသည့် အသိအမြင်၊ အတွေးအခေါ်များဖြင့် စိတ်ဓာတ်၊ ခံယူချက်၊ စည်းကမ်းများ မြင့်တက်လာစေကာ မိမိတပ်ဖွဲ့အားတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် ခေတ်ကာလနှင့် လျော်ညီသည့် အမြင်မျိုး ရရှိလာမည်ဖြစ်ကြောင်း၊ အကျင့်စာရိတ္တနှင့်တကွ ကိုယ်ကျင့်တရား ကောင်းမွန်အောင်ထိန်းသိမ်းပြီး မိမိတို့ ဦးထိပ်ပန်ဆင်ထားသည့် “သစ္စာ၊ သမာဓိ၊ သတ္တိ” ဆောင်ပုဒ်နှင့်အညီ ပေးအပ်ထားသော တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရင်း မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ပြည်သူ့အကျိုးကို ရဲရင့်တည်ကြည်ဖြောင့်မတ်မှန်ကန်စွာ ကာကွယ်စောင့်ရှောက်ရင်း တပ်ဖွဲ့၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် ကြိုးပမ်းနေထိုင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၏ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယ ရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ ရဲအရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးများ၊ ရဲလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဗဟိုမီးသတ် သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် သင်တန်းဆင်းအရာရှိလောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၇) ရဲသူရတပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား (၃၀၁)ဦး၊ အကျဉ်းဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူးအဆင့်(၁) အမျိုးသား(၈)ဦး၊ စုစုပေါင်း (၃၀၉) ဦးတို့ တက်ရောက်သင်တန်းဆင်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)