ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စရပ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၁၃ ဩဂုတ် 

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်နှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စရပ်များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဩဂုတ် ၁၂ ရက်တွင် ရွာငံမြို့နယ်၊ ရွာငံ-မျှားကလေး (၁၂/၄) မိုင်အနက် (၉/၀) မိုင် ဖောက်လုပ်ထားရှိပြီး ကျန်ရှိသည့် (၃/၄) မိုင် အပြီးသတ် ကျောက်ခင်းခြင်း၊ ပင်လောင်းမြို့နယ်ရှိ နောင်မူလမ်းခွဲ-ကျောက်ဆင့် (၂/၀) မိုင် ကျောက်ရောမြေ လမ်းဖောက်လုပ်ခြင်းနှင့် Box Culvert (၆) စင်း ဆောင်ရွက်ပြီးစီးမှု၊ တောင်ခမောက်-စည်ပင်-ပင်ခင် (၄/၀) မိုင် ကျောက်ရော မြေလမ်းဖောက်လုပ်ခြင်းနှင့် Box Culvert (၁၂) စင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ရွာငံမြို့၊ ဆင်နက်ချောင်းကျေးရွာတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ကျေးရွာ ရေပေးဝေရေး လုပ်ငန်းတွင် လိုအပ်လျက်ရှိသည့် ထရန်စဖော်မာနှင့် မီးကြိုးများ ထောက်ပံ့ပေးနိုင်ရေးအတွက် တပ်ဆင်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပင်လောင်းမြို့နယ်၊ စည်ပင် ကျေးရွာ (၁/၄) မိုင် ရေသွယ်တန်းခြင်းနှင့် ရေအမြင့်တင်စနစ် ဆောင်ရွက်နေမှု၊ လိန်းညားကျေး ရွာအုပ်စု၊ ဝါးလီ-တောင်လေး-ဝါးပြုံးကျေးရွာချင်းဆက်လမ်း (၇/၀) မိုင်အနက် (၂/၀) မိုင် ကျောက်ခင်းခြင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးသည်။ 

 

အဆိုပါ လုပ်ငန်းခွင်များတွင် ကြည့်ရှုစစ်ဆေးစဉ် သက်ဆိုင်ရာ တာဝန်ခံအင်ဂျင်နီယာ အသီးသီး၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်အချိန်မီ ပြီးစီးစေရေး၊ လူအင်အားသုံး ဆောင်ရွက်ရသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အလေးထား လိုက်နာဆောင်ရွက်ရေးတို့ကို မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်လောင်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့  ရောက်ရှိခဲ့ရာ နည်းပြများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ၍ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင် ပြန်လည်ပါဝင်ဆောင်ရွက်မည့် ဒေသအကျိုးပြု အနာဂတ် ခေါင်းဆောင်ငယ်များ ပေါ်ထွက်လာစေရေး ရည်မှန်းပြီး မိမိတို့ ဝန်ကြီးဌာနတွင် လူငယ်သင်တန်းကျောင်းများ၊ ဒီဂရီကောလိပ်များနှင့် တက္ကသိုလ်တို့ကို ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့၏ ကိုယ်စီဘဝ မျှော်မှန်းချက် ရည်မှန်းချက်များအတိုင်း ပေါက်မြောက်အောင်မြင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ကြရန် မှာကြားသည်။

 

ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်သူများကို ဆုချီးမြှင့်၍ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်း၊ နည်းပြများကို ထောက်ပံ့ငွေများ ပေးအပ်ပြီးနောက် သင်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းသားအိပ်ဆောင်၊ ကျောင်းသူ အိပ်ဆောင်များနှင့် စားရိပ်သာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်ထားရှိမှုများ အ‌ခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ INGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Terra People Association (TPA) တို့ ပူးပေါင်း၍ TPA မှ ထည့်ဝင်ငွေကျပ် (၅၂၀ ဒသမ ၆) သန်း၊ ဝန်ကြီးဌာနမှ ထရန်စဖော်မာ (၁) လုံး တန်ဖိုးငွေကျပ် (၄၃၆) သန်းနှင့် အလှူရှင်တစ်ဦးမှ ရေသန့်စက်အတွက် အလှူငွေ အမေရိကန်ဒေါ်လာ (၃၂,၀၀၀) ဖြင့် ၂၀၁၄ ခုနှစ်တွင် အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့သည့် အင်းလေးဒေသ ရေဗြုန်ရေထွက်မှ ကျေးရွာ (၁၇) ရွာအား ရေပေးဝေရေး လုပ်ငန်းများအား လိုအပ်သည်များ ပြန်လည်မွမ်းမံပြီး ရေလိုအပ်ချက်ရှိနေသော ကျေးရွာများအား ထပ်မံပေးဝေနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ပြီး လတ်တလော ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ထောက်ပံ့ငွေကျပ် သိန်း (၄၀) ကို ပေးအပ်လှူဒါန်းခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေပိုက်သွယ်တန်းထားသည့် အခြေအနေများ၊ လေဖိအားလျော့စနစ်များ၊ အဖွင့်အပိတ်ဘားများအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ပေးထားသည့် လုပ်ငန်းများ ရေရှည် တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ ဒေသခံကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်၊ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟဲဟိုးမြို့နယ်ရှိ လေဆိပ်ရှောင်ကွင်းလမ်း ဖောက်လုပ်မည့် ရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ်၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသူရဇော်က နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ခဲ့သည့် ပွေးလှ-ဝါးတရာ-မြေခြားလမ်းနှင့် လမ်းဦးစီးဌာနက တာဝန်ယူဖောက်လုပ်သည့် ဟဲဟိုး-ဘော်ဆိုင်း-ပင်းတယလမ်းထိစပ်မှု အခြေအနေများ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် ဟဲဟိုး-ပင်းတယ လမ်းပိုင်းမှ လေဆိပ်ရှောင်ကွင်းလမ်း ဖောက်လုပ်မည့် လျာထားလမ်းကြောင်း လမ်းမြေရရှိရေး ဥပဒေနှင့်အညီ ဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှု၊ အဆင့်လိုက် ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်‌ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်