ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၁၈ ဇန်နဝါရီ

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ရှရိဖ် ဆလာ အယ်လ်ဒင် အဲလစ်သီ အား ယနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး မြန်မာ-အီဂျစ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်သွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးအလားအလာများကို ဆွေးနွေးသည်။

 

ထို့ပြင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြား ညှိနှိုင်းဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ရေးနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

သတင်းစဉ်