ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းနှင့် နန်ချို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေး

နေပြည်တော် မေ ၁၈

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့၏အရှေ့မြောက်ဘက်မိုင်(၂၀)ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင်  အကောင်အထည် ဖော်တည်ဆောက်လျက်ရှိသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းနှင့် နန်ချို ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက် ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်၌  တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကကျသည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ သဘာဝအရင်းအမြစ်များ ရရှိမှုအပေါ်အ​ခြေခံ၍ စီးပွားရေးအရတွက်ချေကိုက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေမည့်   ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မည့် စီမံကိန်း အသစ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်၏ နှစ်စဉ်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာ နိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် စဉ်ဆက်မပြတ် စောင့်ကြပ် ကြည့်ရှု စစ်ဆေးဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းပြီးမြောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို မောင်းနှင်ပေးရန်အတွက် ဝန်ထမ်းများအိမ်ရာ ဆောက်လုပ်ရာတွင်လည်း စက်ရုံနှင့်အနီးစပ်ဆုံး နေရာများတွင် ဆောက်လုပ်ပြီး ရာသီသီးနှံများ စိုက်ပျိုးနိုင်ရေးစီမံဆောင်ရွက်ထားရန် လိုအပ်ပါ ကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  စီမံကိန်းဧရိယာအတွင်း စက်ယန္တရားကြီးများဖြင့် ပင်မတမံမြေကြီးကျောက်သား တူးဖော်လုပ်ငန်းဆောင်ရွက်နေမှု၊ ရေလွှဲစနစ် လုပ်ငန်းဆောင်ရွက် နေမှု၊ ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် မြေကြီး/ကျောက်သား တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

 

အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းသည် စက်တပ်ဆင်အင်အား (၇၆)မဂ္ဂါဝပ်ရှိ စက်နှစ်လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား(၁၅၂)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တပ်ဆင်တည် ဆောက်ကာ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၅၃၀ ဒသမ ၄ သန်း ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ရေး ရည်ရွယ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် စတင်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

 

ဆက်လက်၍ မွန်းလွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း၊ နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး ရေထိန်းတမံအတွင်း ရေသို လှောင်ထားရှိမှုနှင့် ရေယူအဆောက်အဦတို့ကို ကြည့်ရှုစစ်ဆေး၍  လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)