ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြစ်ကြီးနား - မန္တလေး ရထားလမ်းပိုင်းရှိ ရထားလမ်းများ၊ ဘူတာများနှင့် တံတားများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၁ ဇန်နဝါရီ 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသန့်စင်မောင်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားဘူတာ၌ မြန်မာ့မီးရထားမှ အရာထမ်း/ အမှုထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားသည်။

ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားဘူတာမှ ရထားဖြင့် ပြည်ထောင်၊ မရမ်း၊ နမ္မတီး၊ မိုးကောင်းနှင့် ပင်းဘောဘူတာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဘူတာများ သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပင်းဘောနှင့် နန်းခွင်ဘူတာကြား မိုင်တိုင် (၆၆၀/၁၄-၁၅)တွင် အရှည် ပေ ၂၀ တံတားကို ပေ ၄၀ တံတားအဖြစ် တိုးချဲ့တည်ဆောက်မည့် နေရာနှင့် နန်းခွင်ဘူတာရှိ သံလမ်းများကို ၉ ချောင်းဆက်ရန် EIC ဂဟေစက်ရုံ တည်ဆောက်မည့် နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး ဟိုပင်၊ မိုးညှင်း၊ နန်းစီးအောင်နှင့် နဘား ဘူတာတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များမှာကြားသည်။  

ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းတွင် ကောလင်းဘူတာ၌ မြန်မာ့မီးရထား အရာထမ်း/ အမှုထမ်းများနှင့်တွေ့ဆုံပြီး ကိုးထောင်ဘို့နှင့် ထန်းတပင် ဘူတာတို့တွင် သံလမ်များကို စက်များဖြင့် ၉ ချောင်းဆက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်း၌ သံလမ်းဆက်ခြင်းလုပ်ငန်းများ ပြီးစီးပါက ရထားမောင်းနှင်ချိန်ကို လျှော့ချပြေးဆွဲသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ကြိုတင်အားဖြည့် ကွန်ကရစ်ဇလီဖားစက်ရုံ (ခင်ဦး)၌ ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် အသုံးပြုရန် ကွန်ကရစ်ဇလီဖားများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ကို အလေးထား ဆောင်ရွက်ရန် မှာကြားသည်။ 

(သတင်းစဉ်)