ပြည်တွင်းစက်သုံးဆီ တစ်လီတာ ၅၁၀ ကျပ်ထိကျဆင်း

ရန်ကုန် ၂၀ မတ်

 

သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် အဓိကအသုံးပြုနေရသည့် ပြည်တွင်းစက်သုံးဆီစျေးမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလဆန်းတွင် တစ်လီတာလျှင် ၈၁၅ ကျပ် ဝန်းကျင်ရှိပြီး ဖေဖေါ်ဝါရီလဆန်းတွင် ၈၀၀ ကျပ်ဝန်းကျင်ထိ စျေးကျလာရာမှ မတ် ၂၀ ရက်တွင် တစ်လီတာလျှင် ၅၁၀ ကျပ်သာရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရသည်။

        

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် အငှားယာဉ်မောင်းများမှာ စားဝတ်နေေရးအတွက် စက်သုံးဆီစျေးအပေါ် မှီခိုအားထားနေရသည်။ ယခင်က နေ့စဉ်စက်သုံးဆီ ကျပ်တစ်သောင်းဖိုးခန့် ထည့်ပြီးပြေးဆွဲခဲ့ရာမှ ယခုအခါကျပ် ခုနစ်ထောင်သာ ကုန်ကျသဖြင့် အဆင်ပြေမှုရှိကြောင်း သိရှိရသည်။

 

ပြည်တွင်းခရီးသွား လုပ်ငန်းရှင်များမှာ စက်သုံးဆီစျေး ဆက်တိုက်ကျဆင်းနေမှုကြောင့် အနည်းငယ် အဆင်ပြေသော်လည်း COVID-19 ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွင် အခက်အခဲ အနည်းငယ်ရှိကြောင်း သိရှိရသည်။ COVID-19 ရောဂါ အခြေအနေကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအချို့ ရပ်တန့်ထားပြီး ဝယ်လိုအား ကျဆင်းသည့်အတွက် စက်သုံးဆီစျေးနှုန်းများ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။

 

မတ် ၂၀ ရက်ထိ စက်သုံးဆီစျေးနှုန်းများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၅၁၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၆၃၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၉၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၅၈၀ ကျပ်ရှိသည်။ လက်ရှိစက်သုံးဆီစျေးနှုန်းမှာ ဧပြီလအထိ ဆက်တိုက်ကျဆင်းနိုင်ကြောင်း သုံးစွဲသူယာဉ်မောင်းများက ခန့်မှန်းကြသည်။

 

အောင်သူရ