ပြည်တွင်းပုလဲဈေးနှုန်း ပျမ်းမျှရာခိုင်နှုန်း၂ဝ ခန့် ငါးနှစ်အတွင်းမြင့်တက်လာ

၆ ဖေဖော်ဝါရီ 


ငါးနှစ်အတွင်း ပြည်တွင်းပုလဲဈေးနှုန်းမှာ ပျမ်းမျှ ၂ဝ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ယခုလ ၃ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ဇမ္ဗူထွန်း  Pearl and Jewellery ဗိုလ်ချုပ် ဈေးဆိုင်ဖွင့်ပွဲမှ သိရသည်။


ပြည်တွင်း၌ မွေးပုလဲနှင့်သဘာဝပုလဲဟူ၍ ပုလဲနှစ်မျိုးထွက်ရှိပြီး ပုလဲမွေးမြူ ထုတ်လုပ် ရေးလုပ်ငန်းများအနေဖြင့် ရွှေရောင်ပုလဲနှင့် အဖြူရောင်ပုလဲနှစ်မျိုးတွင် ကမ္ဘာ၌ နာမည်ကြီးသော ရွှေရောင်ပုလဲများကို အဓိကထားထုတ်လုပ်လျက်ရှိသည်။


မြန်မာ့ပုလဲများကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများကလည်း စိတ်ဝင်စား၍ ဝယ်ယူ မှုများရှိပြီး အဓိက တရုတ်နိုင်ငံသားများဝယ် ယူမှုများကြောင်း၊ ယခင်နှစ်များထက် ယှဉ်ပါကလည်း ဈေးနှုန်းမှာ မြင့်တက်လာလျက်ရှိကြောင်း သိရသည်။


''ပြီးခဲ့တဲ့ ငါးနှစ်လောက် အတွင်းမှာ ပုလဲဈေးက ရာခိုင်နှုန်း ၂ဝ လောက်မြင့်တက်လာ တယ်လို့ ပြောလို့ ရပါတယ်။ ရာခိုင်နှုန်း ၂ဝ လောက်ဆိုပေမယ့် တကယ့်အရည် အသွေးကောင်းတဲ့ ပုလဲကျတော့ အဆပေါင်းများစွာ မြင့်တက်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အရည်အသွေး ကောင်းတဲ့ပုလဲကျတော့ ဝယ်လိုအားက အရမ်းများတယ်။ 


ဝယ်လိုအား အရမ်းကောင်းလာတဲ့အတွက်ကို ကျွန်တော်တို့ဆီမှာ ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှပါ ဘူး'' ဟု ဇမ္ဗူထွန်း Pearl and Jewellery ဆိုင်မှ ဦးသော်လွင်ဖြိုး ကပြောသည်။


လက်ရှိပုလဲဈေးနှုန်းမှာ တစ်ရတီလျှင် အနည်းဆုံးကျပ်တစ်ထောင်မှစ၍ သောင်းဂဏန်း ကျော်သည်အထိ ဈေးနှုန်းရှိကြောင်း၊ အရည်အသွေးမြင့်ပုလဲများ၏ ဝယ် လိုအားနှင့် ရောင်းလိုအားမှာ မျှတမှုမရှိကြောင်း၊ အရည်အသွေး ကောင်းသော ပုလဲများကို ဝယ်ယူလို မှုမှာ မြင့်မားနေကြောင်း ၎င်းက ဆက်လက်ပြောသည်။


ကျော်ဆန်းမြင့်  (ပြန်/ဆက်)