ပြည်တွင်းရွှေဈေး ဆက်လက်ကျဆင်းနိုင်

mdn

၂၂ နိုဝင်ဘာ

 

ကမ္ဘာ့ရွှေစျေးကျဆင်းမှုနှင့်အတူ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာလည်း ကျဆင်းနေသောကြောင့် ပြည်တွင်း ရွှေဈေး ဆက်လက်ကျဆင်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့် က ပြောသည်။

 

"ကမ္ဘာ့​ရွှေစျေးလည်း ကျတယ်၊ ​ပြည်တွင်းဒေါ်လာစျေးလည်း ကျတော့ ရွှေစျေးလည်း ကျပါတယ်၊ ဆက်ကျဖို့အခြေအနေတော့ ရှိသေးတယ်၊ ဒီဇင်ဘာထိအောင်တော့ ဆက်ကျမယ်၊ စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ အဲဒီလေးလက တောက်လျှောက် ရွှေစျေးကျတဲ့လပေါ့"ဟု ဦးမျိုးမြင့် က ပြောသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ကျပ် ၁၃ သိန်းကျော်အထိ ဖြစ်ပေါ်ခဲ့သော ပြည်တွင်းရွှေဈေးမှာ တရိပ်ရိပ် ကျဆင်းလာခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်တွင် ၁၁ သိန်း ရှစ်သောင်းခြောက်ထောင်အထိ ​ကျဆင်းလာခဲ့သည်။

 

ထိုသို့ ပြည်တွင်းရွှေဈေး ကျဆင်းလာသော်လည်း ပြည်တွင်းရွှေစျေးကွက်အတွင်း အရောင်းအဝယ်မှာ ပုံမှန်အခြေအနေသာရှိကြောင်း ၎င်းက ဆက်ပြောသည်။

 

"ပြည်တွင်းစျေးကွက် အရောင်းအဝယ်က ပုံမှန်ပဲ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပိဿာချိန် ၅၀ လောက်ကတော့ ပုံမှန် နေ့စဥ် အရောင်းအဝယ်ဖြစ်တယ်"ဟု ဦးမျိုးမြင့် က ပြောသည်။

 

ပြည်တွင်းရွှေဈေးအတက်အကျသည် ကမ္ဘာ့ရွှေဈေးပေါ်တွင် မူတည်နေပြီး နိုဝင်ဘာ ၂၂ ရက်တွင် ကမ္ဘာ့ ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၆၇ ဒေါ်လာရှိကာ နိုင်ငံခြားငွေ လဲလှယ်နှုန်း မှာလည်း တစ်ဒေါ်လာလျှင် ၁၅၁၈ ကျပ်ရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။

 

ပြည်တွင်းရွှေဈေးကွက်တွင် သြဂုတ် ၇ ရက်ကစ၍ အခေါက်ရွှေတစ်ကျပ်သားလျင် ကျပ် ၁၂ သိန်းကျော် အထိ ဈေးနှုန်းမြှင့်တက်ခဲ့ပြီး ဆက်လက်မြှင့်တက်ခဲ့ရာ  စက်တင်ဘာ ၅ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၁၃၀၀၀၀၀ ကျော်ဖြင့် စံချိန်သစ်ဈေးသို့ ရောက်ရှိလာခဲ့ကာ သမိုင်းတစ်လျှောက် အမြင့်ဆုံးနှုန်း ထားဖြစ်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်သစ်များ ထပ်ခါထပ်ခါ ချိုးလာခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ  ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ၁၁၀၀၀၀၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင် ဘာ ၄ ရက်အတွင်း ၁၂၀၀၀၀၀ ကျော်အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး ဆက်လက်၍ တဖြည်းဖြည်း မြင့်တက်လာရာ စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၃ သိန်းကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

 

ပြီးခဲ့သည့် လေးလက ရွှေဈေးကို ပြန်ကြည့်ပါက  ဇူလိုင်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၀၉၉၀၀၀ (ဇူလိုင် ၁ ရက်) အမြင့်ဆုံးနှုန်း ကျပ် ၁၁၄၉၄၀၀ (ဇူလိုင်၃၁ ရက်)၊ သြဂုတ်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၄၂၀၀၀ (သြဂုတ် ၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၆၀၅၀၀ (သြဂုတ် ၂၉ ရက်)၊ စက်တင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၂၃၈၀၀ (စက်တင်ဘာ ၁၄ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၃၀၇၀၀၀ (စက်တင်ဘာ ၅ ရက်)နှင့် အောက်တိုဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၁၁၅၀၀ (အောက်တိုဘာ ၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၂၉၀၀၀ (အောက်တိုဘာ ၁၀ ရက်)တို့ဖြစ်ကြောင်း ရွှေရောင်း၀ယ်သူများထံမှ သိရသည်။

 

Nyein Nyein