ပန်းတနော်မြို့နယ်၌ တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးရေး စရိတ်ချေးငွေများ ထုတ်ချေး ပေးလျက်ရှိ

ပန်းတနော် ၂၅  နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ​မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဆောင်းသီးနှံ စိုက်ပျိုးရေး စရိတ်ချေးငွေကို နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်၍ တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

ဆောင်းသီးနှံ စိုက်ပျိုးရေးစရိတ်ချေးငွေကို ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာ ၁၁ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ တောင်သူများအား ထုတ်ချေးပေးမည်ဖြစ်ပြီး ပန်းတနော်မြို့နယ်၌ ကျေးရွာအုပ်စု (၃၃) အုပ်စုတွင် စပါးစိုက်ဧက( ၁၀၆၅၃)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းနှင့် ပဲ စိုက်ဧက ( ၇၇၃၀)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းနှုန်း ထုတ်ချေးပေးလျှက်ရှိပြီး လုပ်ကွက်ငယ် တောင်သူများအား ဦးစားပေးထုတ်ချေးပေးတာ ဖြစ်သည့်အတွက် အများဆုံး  ၁၀ ဧကအထိပဲ ထုတ်ချေးပေးတာဖြစ်ကြောင်း ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်မန်နေဂျာ ဦးခင်မောင်ဝင်းထံမှ သိရသည်။

 

ပန်းတနော်မြို့နယ်၌ တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ်- ၁၉ ကာလဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း၊ လက်ဆေးဘေစင်များထားရှိခြင်း၊ လက်သန့်ဆေးရည်များထားရှိခြင်း၊ ခြောက်ပေအကွာနေရာများ သတ်မှတ်ပေးထားခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပန်းတနော်)