ပဉ္စမအကြိမ်မြောက် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်  အလှကုန်ဆိုင်ရာ လူထုအသိပညာပေး ပြပွဲ၊  ဖွင့်ပွဲ အခမ်းအနားကျင်းပ

မုံရွာ  ၂၄   ဇန်နဝါရီ 

 

ပဉ္စမအကြိမ်မြောက် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်  အလှကုန်ဆိုင်ရာ လူထု အသိပညာပေး ပြပွဲ၊  ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉  နာရီတွင် မုံရွာမြို့ရှိ  မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး  လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊  စည်ပင်သာယာရေးဝန်ကြီး ဉီးမြင့်ကြည်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်၊  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်ထွေး တို့က လူထုပညာပေးပြပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ၏ ဘေးအန္တရာယ်များကို ပြည်သူများသိရှိနားလည်စေပြီး သတိပြုရှောင်ရှားတတ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်ဝသော အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများကို ပြည်သူများရွေးချယ်ဝယ်ယူ သုံးစွဲတတ်စေရေး၊ ဘေးအန္တရာယ်ရှိသော အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန် ပစ္စည်းများကို ဈေးကွက်အတွင်း မရှိစေရေးအတွက် ပြည်သူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အာဏာပိုင်အဖွဲ့အစည်းများမှ ဝိုင်းဝန်းကူညီဆောင်ရွက်လာနိုင်စေရေး၊ တိုင်းဒေသကြီးအတွင်းရှိ စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့် FDA ထောက်ခံချက်များ ပိုမိုလျှောက်ထားလာစေရေးနှင့် ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ ထုတ်လုပ်ရောင်းချလာစေရေး၊ ပညာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ ပညာပေးအစီအစဉ်များကို မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်းစီစဉ်တင်ဆက်ခြင်းဖြင့် မျိုးဆက်သစ်လူငယ်များ၏ ကျန်းမာရေးနှင့် ဆက်နွယ်သော အစားအသောက်နှင့် အလှကုန်များဆိုင်ရာ အသိပညာများ ပိုမိုတိုးပွားလာစေရေး စသည့် ရည်ရွယ်ချက်ကောင်းများဖြင့်  တာဝန်ယူဆောင်ရွက်ပေးသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်  ဝိုင်းဝန်းကူညီအားဖြည့် ပေးကြပါသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင် ပြောကြားသည်။

 

ဆက်လက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က အမှာစကားပြောကြားသည်။

 

ထို့နောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲမှ ဝန်ထမ်းများက ပြည်သူ့ရှေ့ကFDA သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ဆေးဝါးနှင့်သက်ဆိုင်သော“ပြင်ဆင်ခွင့် ” ပညာပေးပြဇာတ်ဖြင့် တင်ဆက်ပြသသည်။

 

ယင်းနောက် တက္ကသိုလ်အဆင့် ကာတွန့်ရေးဆွဲပြိုင်ပွဲတွင်  ဆုရကျောင်းသား၊ ကျောင်းသူများအား လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊  စည်ပင်သာယာရေးဝန်ကြီး ဉီးမြင့်ကြည်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော် တို့က ဆုချီးမြှင့်သည်။

 

mdn

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့်အတူတက် ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်း ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

 

mdn

 

အဆိုပါ ပြပွဲကို  ဇန်နဝါရီ  ၂၄ ရက်မှ ၂၅ ရက်အထိ နှစ်ရက်တာ ပြသသွားမည်ဖြစ်ပြီး အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများအား သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီများက ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

 

 မွှေးကြူဇင်၊ ဓာတ်ပုံ- ဝင်းမင်းထွန်း(ပြန်/ဆက်)

 

mdn