ပရီမီယာလိဂ် ပွဲစဉ်(၁၀) လက်စတာတို့ ဖူလ်ဟမ်ကို ဂိုးပြတ်အနိုင်ယူနိုင်မည်လား

၃၀  နိုဝင်ဘာ

အင်္ဂလန်ပရီမီယာလိဂ်ပွဲစဉ်(၁၀)မှ ဒီဇင်ဘာ ၁ ရက်နံနက်တွင် ယှဉ်ပြိုင်ကစားမည့် လက်စတာနှင့် ဖူလ်ဟမ်ပွဲသည် တန်းစီဇယားထိပ်သို့ အပြိုင်လုမည့်အသင်းနှင့် တန်းဆင်းဇုန်မှ ရုန်းထွက်ရမည့် အသင်းနှစ်သင်းတွေ့ဆုံပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်လာဖွယ်ရှိသည်။

ယင်းပွဲစဉ်ကို လက်စတာအသင်း၏ ကင်းပါဝါကွင်းကြီးတွင် ယှဉ်ပြိုင်မည်ဖြစ်ရာ နှစ်သင်းစလုံးအဓိက ကစားသမားများ အစုံအလင်ဖြင့် ပွဲထွက်လာဖွယ်ရှိပြီး ကွင်းလယ်ဒိုင်အဖြစ် ဆီမွန်ဟုပါက တာဝန်ယူကိုင်တွယ် မည်ဖြစ်သည်။ ပွဲစဉ်(၉) ယှဉ်ပြိုင်အပြီး လက်ရှိတန်းစီ ဇယားရပ်တည်မှုတွင် လက်စတာအသင်းသည် ခြောက်ပွဲ နိုင်၊ သုံးပွဲရှုံးထားပြီး ရမှတ် ၁၈ မှတ်ရရှိထားကာ စုစုပေါင်း သွင်းဂိုး ၁၈ ဂိုးထိသွင်းယူထား၍ ၁၂ ဂိုးပေးထားရသည်။

လက်စတာသည် အိမ်ကွင်းလေးပွဲယှဉ်ပြိုင်ထားရာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးထားပြီး ဂိုးရလဒ်အနေဖြင့် ငါးဂိုးသွင်းယူ ထားကာ ပေးဂိုးခြောက်ဂိုးရှိထားသည်။ ဖူလ်ဟမ်အသင်း သည် ကိုးပွဲယှဉ်ပြိုင်အပြီးတွင် တစ်ပွဲသာအနိုင်ရထားပြီး တစ်ပွဲသရေ၊ ခုနစ်ပွဲရှုံးနိမ့်ထား၍ ရမှတ်လေးမှတ်သာ ရရှိထားသည်။ ကိုးဂိုးသွင်းယူထားကာ ၁၈ ဂိုးပေးထားရ သည်။ ဖူလ်ဟမ်အသင်း အဝေးကွင်းရလဒ်မှာ လေးပွဲ ယှဉ်ပြိုင်ထားကာ နိုင်ပွဲမရှိသေးဘဲ တစ်ပွဲသရေ၊ သုံးပွဲရှုံး ထား၍ ဂိုးရလဒ်မှာ လေးဂိုးသွင်းယူထားနိုင်ပြီး ခုနစ်ဂိုး ပေးထားရသည်။

ယင်းနှစ်သင်း နောက်ဆုံးတွေ့ဆုံထားသည့်ရလဒ်တွင် ၂၀၁၈ ခုနှစ် ပရီမီယာလိဂ်အမှတ်ပေးပြိုင်ပွဲ၌ ဖူလ်ဟမ် အိမ်ကွင်းတွင် တစ်ဖက်တစ်ဂိုးစီသရေကျထား၍ ၂၀၁၉ ခုနှစ်တွင် လက်စတာအိမ်ကွင်း၌ သုံးဂိုး- တစ်ဂိုးဖြင့် အိမ်ရှင် အသင်းအနိုင်ရရှိထားသည်။ လက်စတာအသင်းသည် ဒီဇင်ဘာ ၄ ရက်တွင် ဥရောပပြိုင်ပွဲတစ်ပွဲဖြစ်သော ယူရိုပါလိဂ်ပွဲ ယူကရိန်းမြေတွင် ဇော်ယာအသင်းကို အဝေးကွင်းယှဉ်ပြိုင်ရဦးမည်ဖြစ်ရာ ယင်းပြိုင်ပွဲတွင် လက်စတာသည် အုပ်စုနောက်တစ်ဆင့် တက်ရောက်ရန် သေချာနေပြီဖြစ်သည်။ လက်စတာသည် ယူရိုပါလိဂ်ပြိုင်ပွဲကို အားထုတ်စရာသိပ်မလိုတော့ဘဲ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲအတွက်သာ အာရုံစိုက်ရတော့မည်ဖြစ်ပြီး ပွဲစဉ်(၁၀)နှင့် ပွဲစဉ်(၁၁)တွင် တန်းဆင်းဇုန် အသင်းနှစ်သင်းနှင့် ဆက်တိုက် တွေ့ဆုံမည်ဖြစ်ရာ ယင်းပွဲစဉ်နှစ်ပွဲကို အမှတ်ပြည့် ရယူထားမှသာ ရာသီဝက်ချန်ပီယံလမ်းကြောင်းပေါ်တွင် ယှဉ်ပြိုင်ရပ်တည်နိုင်မည်ဖြစ်သည်။

ဖူလ်ဟမ်အသင်းသည် လက်ရှိရပ်တည်မှုမှာ တန်းဆင်းဇုန် အဆင့် ၁၉ တွင် ရပ်တည်နေ၍ လက်စတာနှင့်ပွဲတွင် အနိုင်ရရှိခဲ့ပါက အဆင့် ၁၇ သို့ တက်ရောက်ပြီး တန်းဆင်းဇုန်မှ ကင်းလွတ်နိုင်သည်။ ယင်းပွဲစဉ်တွင် ဖူလ်ဟမ်အသင်းသည် လက်စတာ၏ တိုက်စစ်ဆင်မှုကို ခုခံရင်း တန်ပြန်တိုက်စစ်ဖြင့်သာ ယှဉ်ပြိုင်သွားနိုင်ရာ ဖူလ်ဟမ်တိုက်စစ်မှူး ဘော်ဘီရွိုက်သည် ယခုနှစ်ရာသီ ပရီမီယာလိဂ် သွင်းဂိုး သုံးဂိုးသွင်းယူထားသည်။

လက်စတာအသင်းသည် သွင်းဂိုး ၁၈ ဂိုးထိသွင်းယူထားသည့် အသင်းဖြစ်ရာ တိုက်စစ်အားကောင်းသည့် အသင်းတစ်သင်း ဖြစ်သည်။ တိုက်စစ်မှူး ဂျမီးဗာဒီသည် ယခုနှစ်ရာသီ ပရီမီယာလိဂ် သွင်းဂိုး ရှစ်ဂိုးထိ သွင်းယူထားကာ ယင်းအထက်တွင် အဲဗာတန် တိုက်စစ်မှူးလီဝင်က ၁၀ ဂိုးဖြင့် ဦးဆောင်နေ၍ အဆင့် ၂ တွင် စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က ကိုးဂိုး သွင်းယူထားသည်။ ယင်းပွဲစဉ်တွင် အိမ်ကွင်းကင်းပါဝါ၌ လက်စတာအသင်း အမှတ်ပြည့်ရယူသွားမည်ဖြစ်ရာ ဂိုးရလဒ်ပြတ်သားမှု ရှိ မရှိ ဆိုတာသာ စောင့်ကြည့်ရဖွယ် ရှိသည်။

သီဟ