ပရီမီယာလိဂ်အသင်းများ၏ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် တန်းဆင်းဇုန်အားပြိုင်ပွဲတို့၏ လားရာ. . .

၂၅  ဇူလိုင်

၂၀၁၉-၂၀၂၀ ပရီမီယာလိဂ်ရာသီပိတ်ပွဲစဉ်များကို ဇူလိုင် ၂၆ ရက် (တနင်္ဂနွေ နေ့) ည ၉ နာရီခွဲတွင် တစ်ချိန်တည်း ကျင်းပမည်ဖြစ်သည်။ ၂၀၁၉-၂၀၂၀ ပရီမီယာလိဂ်ချန်ပီယံအဖြစ် လီဗာပူးအသင်းက နှစ်ပေါင်း ၃၀ အကြာမှာ ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပြီး အောင်ပွဲခံအခမ်းအနားကို ဇူလိုင် ၂၃ ရက်တွင် လီဗာပူးအသင်းက ချယ်လ်ဆီးအသင်းကို ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိပြီးနောက် အန်းဖီးလ်ကွင်းတွင် ကျင်းပခဲ့သည်။ ထို့အပြင် နောက်ဆုံးထွက်ပေါ်လာသော သတင်းအချက်အလက်များအရ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်သည် ဗန်ဒိုက်၊ မာနေး၊ ဒီဘရိုင်းနှင့် ရက်ဖို့ဒ်တို့ကို ကျော်ဖြတ်ကာ အားကစားကလောင်ရှင်အဖွဲ့အစည်း၏ တစ်နှစ်တာ အကောင်းဆုံးကစားသမား အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ပရီမီယာလိဂ်ပွဲစဉ်များ မပြီးဆုံးမီတွင် ချန်ပီယံအဖြေထွက်ပေါ်ခဲ့သော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်၊ ယူရိုပါလိဂ်ဝင်ခွင့် နေရာတို့အတွက် ပြတ်သားသည့်အဖြေ မထွက်ပေါ်သေးသည့်အတွက် နောက်ဆုံးပွဲစဉ်အထိ ရေကုန် ရေခန်း ယှဉ်ပြိုင်ကစားကြရမည့်ပွဲစဉ်များ ကျန်ရှိနေသေးသည်။ ထို့အပြင် တန်းဆင်းရမည့်အသင်းအနေဖြင့် နော့ဝှစ်တစ်သင်းသာ ပေါ်ထွက်နေသေးသည့် အတွက်လည်း လာမည့်နှစ်ပရီမီယာလိဂ်တွင် ကျန်ရှိနိုင်ရေးအတွက် ရေကုန်ရေခန်းယှဉ်ပြိုင်ကစားကြရမည့်ပွဲစဉ်များလည်း ကျန်ရှိနေသေးသည်။

ချန်ပီယံလိဂ်ဝင်ခွင့် နှစ်နေရာအတွက် မန်ယူ၊ ချယ်လ်ဆီးနှင့် လက်စတာ အသင်းတို့ အားပြိုင်သွားကြရမည်ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ လက်စတာနှင့် မန်ယူ၊ ချယ်လ်ဆီးနှင့် ဝုဖ်အသင်းတို့ ဆုံတွေ့နေခြင်း ဖြစ်သည်။ လက်ရှိ အမှတ်ပေးဇယားတွင် မန်ယူအသင်းက ချယ်လ်ဆီး အသင်းနှင့် ရမှတ် ၆၃ မှတ်တူ ဂိုးကွာခြားချက်အသာဖြင့် အဆင့် (၃) နေရာ တွင် ရပ်တည်နေသည်။ အဆင့် (၅) နေရာတွင် လက်စတာအသင်းက ရမှတ် ၆၂ မှတ်ဖြင့် ရပ်တည်နေသည့်အတွက် အဆင့်(၃)မှ (၅)အထိ အမှတ် ကွာဟမှုက တစ်မှတ်သာရှိသည့်အတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာဖွယ် ရှိနေသည်။ လက်စတာအသင်းသည် အဆင့် (၅)နေရာတွင် ရပ်တည်နေသည် ဆိုသော်လည်း မန်ယူကိုနိုင်လျှင် သေချာပေါက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမည် ဖြစ်သည်။ သို့တည်းမဟုတ် ချယ်လ်ဆီးအသင်းက ဝုဖ်အသင်းကို ရှုံးနိမ့်ပြီး လက်စတာအသင်းအနေဖြင့် မန်ယူအသင်းကို သရေကစားနိုင်ခဲ့လျှင် ချယ်လ်ဆီးအသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက် အသာဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖွယ်ရှိနေသည်။

မန်ယူအသင်းသည် အမှတ်ပေးဇယား အဆင့်(၃)နေရာတွင် ရပ်တည်နေသော်လည်း နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့သည့် လေးပွဲတွင် ဆောက်သမ်တန်၊ ဝက်စ်ဟမ်းအသင်းတို့ကို သရေကျထားကာ ချယ်လ်ဆီး အသင်းကို ရှုံးနိမ့်ထားပြီး ပဲလေ့စ်အသင်းကို အနိုင်ရရှိထားသည်။ မန်ယူအသင်းသည် ရာသီပိတ်ပွဲစဉ်တွင် လက်စတာအသင်းနှင့် ဆုံတွေ့နေရာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် နှစ်သင်းစလုံး အမှတ်လိုအပ်ချက် ရှိနေသည့်အတွက် ရလဒ်ကမည်သို့ထွက်လာမလဲ စိတ်ဝင်စားဖွယ်ရာပင်။ မန်ယူအသင်းသည် လက်စတာအသင်းကို အနည်းဆုံး သရေကျရုံဖြင့် လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ မည်ဖြစ်သော်လည်း မမျှော်လင့်ဘဲ လက်စတာအသင်းကို ရှုံးနိမ့်ခဲ့လျှင် ချယ်လ်ဆီးအသင်း အခြေအနေစောင့်ကြည့်ရမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်း၏ နောက်ဆုံးလေးပွဲတွင် ရှက်ဖီးနှင့် လီဗာပူးအသင်းတို့ကို ရှုံးနိမ့်ထားပြီး နော့ဝှစ်နှင့် မန်ယူအသင်းတို့ကို အနိုင်ရရှိထားသည်။ ချယ်လ်ဆီးအသင်းနှင့် ဝုဖ်အသင်းတို့ ဆုံတွေ့နေခြင်းကလည်း စိတ်ဝင်စားဖွယ် ကောင်းနေသည်။ ဝုဖ်အသင်းသည် ချယ်လ်ဆီးအသင်းကို အနိုင်ရရှိလျှင် ယူရိုပါလိဂ်ဝင်ခွင့် ရရှိမည်ဖြစ်သည်။ လက်ရှိတွင် ဝုဖ်အသင်းသည် အဆင့် (၆) နေရာတွင် ရမှတ် ၅၉ မှတ်ဖြင့် ရပ်တည်နေသည့် ဆိုသော်ငြား စပါးအသင်းက ရမှတ် ၅၈ မှတ်ဖြင့် အဆင့် (၇) နေရာတွင် ရပ်တည်နေသည့် အတွက် အမှတ်ကွာဟမှုက တစ်မှတ်သာ ရှိနေသည်။ ထို့ကြောင့် ဝုဖ်အသင်းအနေဖြင့် ချယ်လ်ဆီးအသင်းကို အနိုင်ရရှိရန် လိုအပ်နေခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းကလည်း ဝုဖ်အသင်းကို အနိုင်ရရှိလျှင် သေချာပေါက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမည် ဖြစ်သည်။ သို့တည်းမဟုတ် ချယ်လ်ဆီးသည် ဝုဖ်ကို ရှုံးနိမ့်ပြီး လက်စတာနှင့် မန်ယူတို့ သရေကျခဲ့လျှင် လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ဖွယ်ရှိနေသည်။ မည်သို့ပင်ဖြစ်စေလာမည့် တနင်္ဂနွေနေ့ ည ၉ နာရီခွဲတွင် တစ်ချိန်တည်း ယှဉ်ပြိုင် ကစားမည့် ပရီမီယာလိဂ် ရာသီပိတ်ပွဲစဉ် များသည် ပရိသတ်အကြိုက်တွေ့မည်မှာ မလွဲပေ။

ထို့အပြင် ချန်ပီယံရှစ်သို့ တန်းဆင်းရသည့် အသင်းတစ်သင်းသာ ပေါ်ထွက်လာသေးသည့်အတွက် လက်ကျန်နှစ်နေရာအတွက် အက်စ်တွန်ဗီလာ၊ ဝက်ဖို့ဒ်နှင့် ဘုန်းမောက်အသင်းတို့ ပြိုင်ဘက်အသင်း များကို ရေကုန်ရေခန်း ယှဉ်ပြိုင်ကစားရဦးမည်ဖြစ်သည်။ အက်စ်တွန်ဗီလာအသင်းက ဝက်စ်ဟမ်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည့်အတွက် ပွဲချောင်သည်ဟုဆိုနိုင်သည်။ ဝက်ဖို့ဒ်အသင်းက အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည့်အတွက် ပွဲကျပ်သည်ဟု ဆိုရပေမည်။ ဘုန်းမောက် အသင်းက အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သောကြောင့် မည်သည့် အသင်းက အသာရပြီး ပရီမီယာလိဂ်တွင် တင်ကျန်ခဲ့မလဲ စောင့်ကြည့်ရမည်ဖြစ်သည်။ သေချာသည်မှာ ထိုသုံးသင်းထဲမှ တစ်သင်းသာလျှင် ပရီမီယာလိဂ်တွင် ကျန်ရှိနေမည် ဖြစ်ပြီး ကျန်နှစ်သင်းမှာ သေချာပေါက် ချန်ပီယံရှစ်သို့ တန်းဆင်းရမည်ဖြစ်ရာ ယခု ရာသီ ပရီမီယာလိဂ်ပွဲစဉ်များသည် နောက်ဆုံး ပွဲအထိ အကြိတ်အနယ် ယှဉ်ပြိုင်တော့မည် ဖြစ်သည်။

အောင်ဇော်