ပရိုတင်းမှုန့် သောက်လို့ ခန္ဓာကိုယ်အတွက်ရနိုင်တဲ့ ကောင်းကျိုးတွေ

ပရိုတင်းမှုန့် (Protein Powder) တွေကို Gym ကစားတဲ့သူတွေ အထူးသဖြင့် အမျိုးသားတွေ အသောက် များကြ ပါတယ်။ အဓိက ကိုယ်ခန္ဓာကြွက်သားထု မြန်မြန်တက်ဖို့နဲ့ Gym ကစားတဲ့ နေရာမှာ ပိုအားစိုက် ထုတ်နိုင်ဖို့ပေါ့။ တကယ်တော့ ပရိုတင်းမှုန့်မှာ ကျွန်တော်တို့ လူခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်လို့ Gym ကစားဖို့ သီးသန့်ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ ကျန်းမာရေးအတွက် သောက်ပေးသင့် ပါတယ်။

 

ပရိုတင်းမှုန့်တွေမှာ အဓိကကိုယ်ခန္ဓာကို ကြီးထွားမြန်စေဖို့ ကယ်လိုရီ၊ ကစီဓာတ်၊ အဆီဓာတ်နဲ့ ပရိုတင်းဓာတ်တို့ အများဆုံးပါဝင်ပြီး ကျန်းမာစေဖို့နဲ့ ကိုယ်ခံအားကောင်းစေဖို့ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေလည်း ထည့်သွင်းပေးထားပါတယ်။ အသောက်များတဲ့ ပရိုတင်းမှုန့် အမျိုးအစားတွေက

 

အဆီနဲ့ ကြွက်သားတက်မြန်စေဖို့ Mass Gainer အမျိုးအစား ပရိုတင်းမှုန့်နဲ့

 

အဆီကျစေပြီး ကြွက်သားကျစ်လျစ်သန်မာစေဖို့ Whey Protein အမျိုးအစား ပရိုတင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။

 

ပရိုတင်းမှုန့် သောက်ပေးရခြင်းရဲ့ အကျိုးကျေးဇူးတွေ

 

၁။ ကြွက်သားတက်မြန်စေတယ်။

 

ကြွက်သားထုတက်ဖို့ အလိုအပ်ဆုံးကတော့ ပရိုတင်း၊ ကစီနဲ့ အဆီဓာတ်ပါပဲ။ ဒီ ၃မျိုးလုံးက ပရိုတင်း မှုန့်တွေမှာ ပါဝင်တဲ့အတွက် များများသောက်ပေးနိုင်လေ ကိုယ်ခန္ဓာ ကြွက်သားတက်ဖို့ ပိုမြန်လေပါပဲ။ ပရိုတင်းမှုန့်ကြောင့် အဆီတွေပိုတက်လာတယ်၊ အဆီတက်လာတာနဲ့ အလေးတုံးတွေ မဖို့ ပိုအားရှိလာပြီး ပြင်းပြင်းထန်ထန် ဆော့ကစားနိုင်လာတယ်။ အဲ့ကနေ အဆီတွေက ကြွက်သားအဖြစ် ပြိုကွဲသွားပြီး ခန္ဓာကိုယ်အချိုးအစား ပိုကြည့်ကောင်းလာစေပါတယ်။

 

၂။ ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးတယ်

 

ပရိုတင်းမှုန့်ဟာ ကိုယ်အလေးချိန်တက်ဖို့သာမက ကျစေတဲ့ နေရာမှာလည်း ကူညီပေးပါတယ်။ ပရိုတင်းမှုန့် သောက်ပြီးတာနဲ့ ဗိုက်ပြည့်သွားတတ်လို့ လူတစ်ယောက်ရဲ့ အစာစားချင်စိတ်ကို ထိန်းညှိပေးသလို အဆီများတဲ့ မုန့်ပဲသရေစာတွေလည်း သိပ်မစားနိုင်တော့ဘူး။ ဒီအခါ လေ့ကျင့်ခန်းကို ဖိလုပ်ဖို့ ခွန်အားပိုရစေတဲ့အတွက် ကိုယ်အလေးချိန်ကျဖို့ ပိုမြန်စေပါတယ်။

 

၃။ ဇီဝကမ္မဖြစ်စဉ်တွေကို မြှင့်တင်ပေးတယ်

 

ဇီဝကမ္မဖြစ်စဉ် (Metabolism) ဆိုတာ ကျွန်တော်တို့ နေ့စဉ်လှုပ်ရှားသွားလာရုန်းကန် စားသောက် အသက်ရှင်နေရတဲ့အချိန်တိုင်းမှာ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်နေတဲ့ လုပ်ငန်းစဉ်တွေကို ဆိုလိုပါတယ်။ ဥပမာ – ကယ်လိုရီလောင်ကျွမ်းနှုန်း၊ အားအင်ထုတ်လွှတ်နှုန်း၊ အာဟာရ စုပ်ယူနှုန်း စတာတွေပေါ့။ ပရိုတင်းမှုန့်ကနေ ရလာတဲ့ ပရိုတင်းဓာတ်တွေကို ကိုယ်ခန္ဓာက အသုံးပြုပြီး ကယ်လိုရီတွေ လောင်ကျွမ်းစေသလို လူကို ပိုပြီးကျန်းမာလာစေနိုင်ပါတယ်။

 

၄။ ဗိုက်အဆီကျစေတယ်

 

ဝမ်းမှာ အဆီဖုံးခြင်းဟာ အမျိုးသားတွေမှာ ပိုအဖြစ်များပြီး အရက်၊ ဘီယာသောက်သုံးမှုများခြင်း၊ အထိုင်များပြီး လှုပ်ရှားမှုနည်းခြင်း၊ အာဟာရမဖြစ်ဘဲ အဆီတက်စေမယ့် အစားအစာတွေ အလွန်အကျွံစားသုံးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ပရိုတင်းမှုန့်က တစ်ကိုယ်လုံးမှာ ရှိတဲ့ အဆီတွေကို ကျစေပြီး ကျစ်လျစ်သန်မာစေတယ်။ ဗိုက်အဆီတွေ ကျလာတာနဲ့အမျှ လူက ပိုပြီးလန်းဆန်းတက်ကြွပြီး အားအင်ရှိလာမယ်။ နောက်ဆက်တွဲ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေကိုလည်း ကာကွယ်ပေးနိုင် လာပါမယ်။

 

ဒါဆို ပရိုတင်းမှုန့်ရဲ့ ကောင်းကျိုးတွေကို အနည်းအကျဉ်းတော့ သိလောက်ပြီလို့ ထင်ပါတယ်။ ယောကျာ်းလေးပဲဖြစ်စေ မိန်းကလေးပဲ ဖြစ်စေ ခန္ဓာကိုယ်က တစ်နေ့တာသတ်မှတ်ထားတဲ့ အတိုင်းအတာအလိုက် ပရိုတင်းဓာတ်ကို လိုအပ်ပါတယ်။ ပရိုတင်းမှုန့်အပြင် တခြား ပရိုတင်းဓာတ်၊ ကစီဓာတ်နဲ့ အဆီဓာတ်တွေ ရနိုင်တဲ့ အစားအစာတွေကတော့ ဆန်၊ ဂျုံ၊ အာလူး၊ ကန်စွန်းဥ၊ အသား၊ ငါး၊ ဥ၊ နွားနို့၊ ပဲအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။ သတိထားရမှာက အစားအစာသည် ပထမ၊ ဖြည့်စွက်စာသည် ဒုတိယ၊ လေ့ကျင့်ခန်းသည် တတိယ၊ ဒီအချိုးအစားအတိုင်း သွားဖို့တော့ လိုပါတယ်။

 

ဒါကြောင့် ကြွက်သားတက်ဖို့ပဲဖြစ်ဖြစ်၊ အဆီကျချင်လို့ပဲဖြစ်ဖြစ်၊ ကျန်းမာစေဖို့ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ တစ်နေ့တာ စားသုံးတဲ့ အစာအာဟာရကို အရင်ဆုံး ဂရုစိုက်ပေးရမယ်။ ပြီးမှပဲ ဖြည့်စွက်စာအနေနဲ့ ပရိုတင်းမှုန့်ကို သောက်ပေးပါ။ များလာတဲ့ အဆီတွေကို ချေဖျက်ဖို့ လေ့ကျင့်ခန်း၊ အားကစားကို ပိုလုပ်ပေးပါ။ အိပ်ချိန်မှန်အောင်လည်း ဂရုစိုက်ပေးပါ။ ရေကိုလည်း များများသောက်ပေးပါ။ ဒါဆိုရင်တော့ အချိန်တိုအတွင်းမှာ ကိုယ့်ရဲ့ ကျန်းမာရေးရော ခန္ဓာကိုယ်အချိုးအစားပါ သိသိသာသာ တိုးတက်ပြောင်းလဲလာတာ သတိထားမိမှာပါ။

 

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

 

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”