ပတ္တမြားငမောတ် သရက်ခြံစိုက်ပျိုးသူများ အရောင်းသွက်၍ အဆင်ပြေလျှက်ရှိ

စစ်ကိုင်း ၂  ဇူလိုင်

 

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာရှိ ပတ္တမြးငမောတ် သရက်ခြံစိုက်ပျိုးသူများ ပြည်ပဈေးကွက်တွင် ရေားချရခြင်း မရှိသော်လည်း ပြည်တွင်းဈေးကွက်အဖြစ် မင်းကွန်းဒေသတွင်သာမက မန္တလေး၊ မြင်းခြံ၊ မကွေး၊ မုံရွာ စသည့်ဒေသများသို့ တင်ပို့ရောင်းချနေရပြီး မိသားစု စားဝတ်နေရေး အဆင်ပြေလျှက် ရှိကြောင်းသိရသည်။

           

“ ပတ္တမြားငမောတ် သရက်သီးမျိုးက အစောဆုံးပေါ်တဲ့အသီး မဟုတ်ပါဘူး။ နောက်ပေါ်သရက်သီးပါ။ စိန်တစ်လုံးသရက်မျိုးတွေ ပေါ်တဲ့အချိန်မှာ မပေါ်သေးပါဘူး နောက်သီးဖြစ်တဲ့အတွက် ပြည်တွင်းဈေးကွက်မှာ ရောင်းအားရပါတယ်။ အပင် ၈၀ လောက်ရှိတဲ့ ခြံတစ်ခြံမှာ တစ်ရာသီကို ၂၅ သိန်းခန့် ရရှိပါတယ်။ စိုက်ပျိုးရတာကတော့ တစ်ပင်နဲ့တစ်ပင် ပေ ၃၀ လောက်ခြားအကွက်ရိုက်ပြီး ပင်ကြမ်းဖြစ်တဲ့ ရင်ကွဲ သရက်မျိုးတွေ စိုက်တယ် သုံးလသား အရွယ်မှာဆို ပတ္တမြားငမောတ် သရက်မျိုးတွေ ကိုင်းကူးစိုက်ရတယ် နေ့စဉ်ရေလောင်းပေးနေရုံပါပဲ လေးနှစ်သားမှာဆိုရင် တစ်ချို့အပင်တွေ အသီး/ အပွင့်ထွက်လာပြီ။ ငါးနှစ် သားအရွယ်မှာတော့ အပင်တိုင်း အပွင့်/ အသီးထွက်လာပြီ။ သို့သော် အသီးတွေကိုတော့ လိုသလောက်ပဲ ထားပေးတယ် ဒါမှလည်း အသီးကြီးထွားမှု ကောင်းတာပါ။ အခုဆို ကျွန်တော်သရက်ခြံ စိုက်ပျိုးလာတာ ရှစ်နှစ်ရှိပြီဆိုတော့ အကျိုးအမြတ် ခံစားနေရပါပြီ။ သရက်မျိုးကုန်ချိန်မှာတော့ ခြံအတွင်း သီးထပ်အဖြစ် ဂွေးတောက်၊ ခရမ်းချဉ်သီး လက်ကြားသီးမျိုး စိုက်တယ်။ ဒါလည်းအပိုဝင်ငွေရရှိပါတယ်” ဟု ပတ္တမြားငမောတ် သရက်ခြံ စိုက်ပျိုးနေသူ တစ်ဦးက ပြောပြသည်။

 

ဇော်မြင့်နိုင်(ခရိုင်ပြန်/ဆက်)