ပုဗ္ဗသီရိမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုဗ္ဗသီရိ ၂၆ စက်တင်ဘာ

 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှု၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက် ဖြေရှင်းနိုင်ရန် အတွက် ပုဗ္ဗသီရိမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခမ်းမ၌ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်၊ အတွင်းရေးမှူးဦးရှိုင်းအောင်နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

 

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင်" ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလများနှင့် ရွေးကောက်ပွဲကျင်းပနေစဉ်ကာလများအတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲတွင်သက်ဆိုင်သူများအကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အဆင့်ဆင့်၏ လုပ်ငန်း လက်စွဲနှင့်အညီ အချိန်တိုအတွင်း ဖြေရှင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း" ပြောကြားခဲ့သည်။

 

ထို့နောက် ပုဗ္ဗသီရိမြို့နယ် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးရှိုင်းအောင်က ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)

ဦးကံချွန် ပုဗ္ဗသီရိမြို့နယ်(ပြန်/ဆက်)