ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ပုဂံပလပ်စတစ်ကမ်ပိန်းအဖွဲ့မှ ဦးဆောင် အမှိုက်ကောက်၊ အမှိုက်သိမ်းခြင်းများ ဆောင်ရွက်

ညောင်ဦး  ၂၈  နိုဝင်ဘာ 
 
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယနေ့နံနက်ပိုင်းက ပုဂံပလပ်စတစ် ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးမြို့နယ် အခြေစိုက် အဖွဲ့အသီးသီး ပူးပေါင်းပါဝင်ကာ ပလပ်စတစ်အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပုဂံပလပ်စတစ်ကမ်ပိန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေထံကသိရသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ပုဂံမြို့သစ်နှင့် မြင်းကပါကျေးရွာကြား ဧရာဝတီမြစ် ကမ်းဘေး ကျောက်မျက်မှော်ဘုရား ပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းထူနေသည့် ကန္တာရပင်များ၊ မြက်တောများ၊ ပလပ်စတစ်အမှိုက်များ၊ တစ်ခါသုံး ဖော့ဘူးခွံများကို ပုဂံပလပ်စတစ်ကမ်ပိန်းအဖွဲ့၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) ဦးဝင်းအောင် (ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ BOB Balloon အဖွဲ့မှဝန်ထမ်းများ၊ STT Balloon အဖွဲ့မှ ဝန်ထမ်းများ၊ Golden Eagle Balloon အဖွဲ့မှဝန်ထမ်းများ၊ ဇော်ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု၊ ဧည့်လမ်းညွှန်အသင်းသား/ အသင်းသူများ၊ ကျောက်မျက်မှော်ဘုရား ဈေးသည်များအဖွဲ့၊ မြစိမ်းဒီပါ ဟိုတယ်အဖွဲ့သားများက ခြုံနွယ်များ ရှင်းလင်းကြကြောင်း ပုဂံပလပ်စတစ် ကမ်ပိန်းအဖွဲ့ အတွင်းရေးမှူး ဦးမိုးမင်းအောင်က ရှင်းပြသည်။

ပုဂံပလပ်စတစ် ကမ်ပိန်းအဖွဲ့နှင့်အတူ စုပေါင်းအမှိုက်ကောက် ကုသိုလ်ယူသူများအား Royal-D Co.,Ltd မှ သီးစုံဓာတ်ဆား ဖျော်ရည်ဘူးများ၊ ပလပ်စတစ်ကမ်ပိန်းမှ ကောက်ညှင်းပေါင်းများဖြင့် အာဟာရဒါန ပြုခဲ့ကြောင်း သိရသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ  ရပ်နားထားသည့် အမှိုက်ကောက် သန့်ရှင်းရေး၊ ရှေးဟောင်းယဉ်ကျေးမှုဇုန် ပလပ်စတစ်ကင်းစင်ရေး၊ ခြုံနွယ်ထူထပ်နေသည့် နေရာများအား ရှင်းလင်းရေးကို ယနေ့မှစတင်ကာ စနေနေ့တိုင်းအပတ်စဉ် ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
 
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း