ပုဂံဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်

၂၁ ဖေဖော်ဝါရီ

 

ပုဂံဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ (၁၇:၀၅) နာရီတွင် ရစ်ချ်စတာ စကေး (၆.၈) အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေးစသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိ ရှေးဟောင်း အဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုမှာ ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်ပြီး ကွင်းဆင်းစာရင်း စစ်ဆေးကောက်ခံ မှုအရ (၃၈၉)ဆူ ပျက်စီးခဲ့ပါသည်။ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက် အအုံများ အရေးပေါ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပြည်တွင်း/ ပြည်ပပညာရှင်များ၏ အကြံပြုချက်များနှင့်အညီ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။

ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှုအခြေအနေများကို စိစစ်ချက်အရ ပထမ ဦးစားပေး ပြုပြင်ထိန်းသိမ်းရန် (၃၆)ဆူ၊ ဒုတိယ ဦးစားပေး ပြုပြင်ထိန်းသိမ်းရန် (၅၃)ဆူနှင့် ပျက်စီးမှု အနည်းငယ်သာ ရှိသည့် တတိယဦးစားပေး ပြုပြင်ထိန်းသိမ်းမည့် (၃၀၀)ဆူအဖြစ် ကနဦး သတ်မှတ်ခဲ့ပြီး နိုင်ငံတကာပညာရှင်၊ ပြည်တွင်းပညာရှင်များ ညှိနှိုင်း ဆွေးနွေးမှုအရ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးနှင့် တတိယဦးစားပေး (၃၀၀)ဆူအနက် (၇၆)ဆူတို့ကို ပညာရှင်များ ဖိတ်ခေါ်၍ ဌာနက တိုက်ရိုက်ကြီးကြပ် ညှိနှိုင်းကာ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်ဖြစ်ပြီး တတိယဦးစားပေးမှ ကျန်(၂၂၄)ဆူကို အလှူရှင်များ ဖိတ်ခေါ်ပြုပြင် ထိန်းသိမ်းခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့အထိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် အတူ အဆောက်အဦဦးစီးဌာနနှင့် အခြား အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ထိန်းသိမ်းခဲ့ရာ ပုံပါအတိုင်း ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက် ပြီးစီးခဲ့ပါသည်။

ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် UNESCO၊ နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များ၏ အကြံပြုချက်များ၊ Adviser Team ၊ Expert Team တို့၏ အကြံပြု ဆွေးနွေးချက်များ၊ ငလျင်အလွန် ပြန်လည်ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်ခဲ့သည့် နည်းပညာ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှုဖိုရမ် (Technical Coordination Forum)နှင့် Bagan International Coordination Committee တို့၏ ဆွေးနွေးညှိနှိုင်းချက်များကို ဌာနအနေဖြင့် လိုက်နာကာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ဘာသာရေး ကိုးကွယ် ယုံကြည်မှုအရ တည်ရှိနေသည့် ရှေးဟောင်းအဆောက်အအုံ များကိုလည်း ကိုးကွယ်ယုံကြည်မှုနှင့်အညီ အင်္ဂါစုံပြုပြင်လျက်ရှိသကဲ့သို့ ရှေးဟောင်းအဆောက်အအုံများကို ပျက်စီးမှု ပမာဏအလိုက်သော် လည်းကောင်း၊ သမိုင်းတန်ဖိုးအရသော်လည်းကောင်း၊ ဗိသုကာလက်ရာ ကျန်ရှိမှုအရသော်လည်းကောင်း ခေတ်ကာလအပိုင်းအခြားများပေါ် မူတည်၍ ဦးစားပေးအဆင့်များ သတ်မှတ်ပြီး စံချိန်စံညွှန်း တန်ဖိုးနှင့် ကိုက်ညီသည့် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များအနေဖြင့် ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရာတွင် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အလောတကြီး မပြုပြင်ရန်နှင့် ရှေးမူလက်ရာမပျက် ထိန်းသိမ်းရန်စသည့် ချမှတ် ထားသည့် မူအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့အထိ အနည်းငယ်သာ ထိခိုက် ပျက်စီး သော ဘုရားပုထိုး(၂၂၄)ဆူနှင့် ရှေးမူမပျက် ထိန်းသိမ်းပြီးဖြစ်သော (၁၄၁)ဆူ၊ စုစုပေါင်း (၃၆၅)ဆူကို လုပ်ငန်း ဆောင်ရွက်ပြီးဖြစ်ကာ (၁၃)ဆူ ကို ပြုပြင်ထိန်းသိမ်းရေး ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

 

nn