ပုဂံလက်မှုယွန်းထည်ပစ္စည်းများ ဝယ်ယူမှုအားနည်းနေသော်လည်း  ယွန်းထည်ပညာရပ် ဆက်လက် ရှင်သန်ရန်ကြိုးပမ်းနေ

ရန်ကုန်  ၂၂ နိုဝင်ဘာ

 

ပုဂံဒေသမှထွက်ရှိသော ယွန်းထည်ပစ္စည်းများကို နိုင်ငံခြားသား ခရီးသွားများ နှစ်သက်မှုကြောင့် ရှေးလက်မှုပညာရပ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းလာသည့်နည်းတူ ခေတ်နှင့်အညီ လက်မှုပစ္စည်းများအား တီထွင်ထုတ်လုပ်လာမှုသည် ခိုင်မာသောဈေးကွက် လိုအပ်လျှက်ရှိရာ  ရှေးဟောင်းလက်မှု ပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရန် ၁၁ ရာစုတွင် ပေါ်ထွန်းခဲ့သော ယွန်းထည်ပညာရပ်များ ဆက်လက်ရှင်သန်ရန် ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။

 

ပြည်တွင်းထွက် ပစ္စည်းဖြစ်သော တင်းဝါးဖြင့် ဒီဇိုင်းမဖော်မီ ဝါးကိုလိုအပ်သော ပုံစံဖြတ်တောက်စိပ်၍ အထူးအပါး ရရှိရန်နှီးဖြာပြီးသောအခါ ရရှိလာသာနီးများဖြင့် မိမိပုံဖော်လိုသောလက်မှု ပစ္စည်းများကို လက်ဖြင့်ရက်၍ ပြုလုပ်ခြင်းဖြစ်သည်။ တင်းဝါးဖြင့် မည်သည့်လက်မှုပစ္စည်းအကြီး၊ အသေးပုံစံမျိုးစုံကိုမဆို လက်ဖြင့် ပုံဖော်ထုတ်လုပ်လျှက်ရှိပြီး ယခင်က ဆွမ်းအုပ်၊ ပလို့ဒေါင်း၊ လက်ဖက်အုပ်၊ ဖျာ၊ ဗန်း၊ ဆန်ကော၊ တောင်းတို့ကို ရိုးရားအတိုင်းထုတ်လုပ်ခဲ့ရာမှ ပြောင်းလဲလာသော ခေတ်နှင့်အညီ လူသုံးကုန် ပစ္စည်းများကို ထုတ်လုပ်ခဲ့သောကြောင့် ယနေ့တိုင် ပုဂံမှထွက်ရှိသော လက်မှုပစ္စည်းများကို နိုင်ငံခြားသားခရီးသွားများ စိတ်ဝင်စားမြတ်နိုးလျှက်ရှိသည်။

 

“လက်ရှိပြည်တွင်း ဈေးကွက်အတွက်ပဲ ထုတ်လုပ်တာများတယ်။ ပြည်ပခရီးသွားတွေ အကြိုက်သူတို့ ပုံစံပြပြီးယက်လုပ်ရတဲ့ ပစ္စည်းတွေလည်း ရှိပါတယ်။ ခေတ်မီဆန်းသစ်တဲ့ ပုံစံတွေကို နိုင်ငံခြားသားတွေ ပိုကြိုက်တာများတယ်။ ဝါးနဲ့လုပ်တဲ့ပစ္စည်းကသုတ်တဲ့ သစ်စေးပေါ်မှာမူတည်တယ်။ များများသုတ်ထားရင် နှစ်ကြာရှည်ခံတယ်။ ရှေးဟောင်း ယွန်းထည်ပစ္စည်းတွေ နှစ်တစ်ရာ နီးပါးခံတဲ့အတွက် ကျွန်တော်တို့ ထုတ်လုပ်တဲ့ ပစ္စည်းတွေဟာလည်း သုံးစွဲတဲ့အပေါ်နဲ့ ဈေးနှုန်းအပေါ်မှာ မူတည်ပြီး ခံနိုင်ရည်ရှိကြပါတယ်။ ပုဂံမှာ ၁၁ ရာစု ကပေါ်ထွန်းခဲ့တဲ့ ရှေးဟောင်းလက်မှု ပညာရပ်တွေ ရှင်သန်အောင် ထိန်းသိမ်းထားဆဲပါပဲ။ ခိုင်မာတဲ့ပြည်ပ ဈေးကွက်မရှိသေးတာကြောင့် ပုဂံရဲ့ လက်မှုပစ္စည်းတွေဟာ ပြည်ပကို မထိုးဖောက် နိုင်သေးတာပါ။ လုပ်ဆောင်စရာတွေအများ ကြီးရှိနေပါသေးတယ်” ဟု ညောင်ဦးမြို့ရှိ ပစ်တိုင်းထောင်ယွန်းထည် လုပ်ငန်းရှင် ဦးမောင်မောင်က ပြောသည်။

 

ပုဂံတွင်တစ်နှစ်ပတ်လုံး နိုင်ငံခြားခရီးသွားများ ဝင်ရောက်လေ့ရှိပြီး  ခရီးသွားရာသီမှာ နိုဝင်ဘာလဆန်းပိုင်းမှ ဧပြီလဆန်းပိုင်းအထိ ခရီးသွား များပြားလေ့ရှိသောကြောင့် ဒေသခံများအလုပ်အကိုင် အခွင့်အလမ်းများ အဆင်ပြေသော ကာလလည်းဖြစ်သည်။ ယခုနှစ်တွင်ပုဂံသို့ ခရီးသွားဝင်ရောက်မှု ပုံမှန်အတိုင်းသာရှိခဲ့၍ ယွန်းထည်လက်မှု ပစ္စည်းအရောင်းအဝယ် နည်းသော်လည်း လက်မှုပညာရှင်များနှင့် ယွန်းထည်လုပ်ငန်း ဆက်သက်ရှင်သန်စေရန် ဆက်လက်လုပ်ကိုင်လျှက်ရှိသည်။ ယွန်းထည်ပစ္စည်းတစ်ခုရရှိရန် ခြောက်လမှ  ဆယ်လထိ ကြာမြင့်တတ်ပြီး ပစ္စည်းမျိုးစုံ ထုတ်လုပ်သည့်အတွက် တစ်နှစ်ပတ်လုံး လည်ပတ်ရသော လုပ်ငန်းဖြစ်သောကြောင့် အရင်းအနှီးကြီးမားသော လုပ်ငန်းဖြစ်ရာ ခရီးသွားလုပ်ငန်းအပေါ်တွင် ဈေးကွက်မှီခိုနေရ၍ နိုင်ငံခြားခရီးသွား လုပ်ငန်းကောင်းမွန်းပါက ပုဂံဒေသမှ လက်မှုပစ္စည်းများ အရောင်းအဝယ် သွက်လေ့ရှိကြောင်း သိရသည်။

 

ပုဂံဒေသတွင် လက်ဆင့်ကမ်း ထိန်းသိမ်းလာသော ယွန်းထည်လုပ်ငန်းများမှ လက်မှုပစ္စည်းမျိုးစုံ ထုတ်လုပ်လျှက်ရှိပြီး လုပ်ငန်းရှင်(၁၀)ဦး ခန့်ရှိကာ ပုဂံ၊ ညောင်ဦး၊ မြင်းကပါ၊ ဖွားစော၊ မင်းနံသူ၊ သူဌေးကုန်း စသောမြို့နယ်၊ ကျေးရွာများတို့တွင် မြန်မာ့ရိုးရာ ယွန်းထည်လုပ်ငန်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူ (၂)ထောင်ခန့်ရှိ၍ ၁၁ ရာစုတွင် စတင်ပေါ်ထွန်းခဲ့သော ပုဂံဒေသမှယွန်းထည် လက်မှုပစ္စည်းများဝယ်ယူမှု အားနည်းနေသော်လည်း ၁၁ ရာစုတွင် ပေါ်ထွန်းခဲ့သော ယွန်းထည်ပညာရပ်များ ဆက်လက်ရှင်သန်ရန် ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ - သန်းစိုး