ပုဂံညောင်ဦး ရှေးဟောင်းဇုန်ရှိ ဘုရားစေတီများအား ဆီမီးပူဇော်

ညောင်ဦး  ၂၉  နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်း စေတီပုထိုးများအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၈ ရက်၊ ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ည ၆ နာရီခွဲအချိန်မှစတင်ကာ ပုဂံ-ညောင်ဦး ဒေသခံများက ဆီမီးပူဇော်ခဲ့ကြကြောင်း ဦးအောင်ခိုင်(ဒေသခံ)ထံက သိရသည်။

 

1.jpg

 

ထိုသို့ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီ၊ ပုထိုးများကို ဆီမီးပူဇော်ကြရာ ဓမ္မရံကြီး ဘုရားအပြင်ဘက်တွင် ဆီမီး ၂၅၀၀ ဆီမီးပူဇော်ခဲ့ကြပြီး၊ ဘုရားနီ၊ အင်ကြင်းဂူ၊ အလိုတော်ပြည့်၊ စိုးမင်းကြီးအုတ် ကျောင်းပတ်ဝန်းကျင် ဘုရားများ၊ အပ္ပာယ်ရတနာ ပတ်ဝန်းကျင်ရှိဘုရားများ၊ ရွှေဆံတော်ပတ်ဝန်းကျင်ရှိဘုရားများ၊ အနော်ရထာလမ်းမကြီး ဘေးဘက်ဝဲ/ယာ ဘုရားများကို ထိခိုက်မှုမရှိစေဘဲ၊ ဒေသခံများက တန်ဆောင်မုန်းလပြည့်နေ့ အကြိုပူဇော်ခဲ့ကြကြောင်း သိရသည်။

 

 2.jpg

 

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဂေါပကအဖွဲ့ရှိသော ဘုရား ၁၉ ဆူဖြစ်သည့် ရွှေစည်းခုံဘုရား၊ အလိုတော် ပြည့်၊ အာနန္ဒာ၊ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ မဟာဗောဓိ၊ ထီးလိုမင်းလို၊ လောကနန္ဒာ၊ ရွှေဆံတော်၊ ဓမ္မရာဇက၊ မနုဟာ၊ မြစေတီ၊ တုရင်တောင်၊ ငှက်ပစ်တောင်၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ကျောက်ဂူဥမင်၊ ပြဿကြီးဘုရားများအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း မုခ်ဦးအဝင်ဝများမှ ပိတ်ထားခဲ့ကာ ဒေသခံများမှ ဘုရားကြီးများ အပြင်ဘက်မှ ဆီမီး ပူဇော်ခဲ့ကြောင်း သိရသည်။ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ဘုရား၊ စေတီ၊ ပုထိုး ၃၈၀၀ ကျော်ရှိပြီး တန်ဆောင်မုန်းလပြည့်နေ့တွင်လည်း ဆီမီးဆက် လက်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း