ပုဂံညောင်ဦးဒေသ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်

ညောင်ဦး    ၂၂   ဖေဖော်ဝါရီ        

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအား အစဉ်အမြဲ သန့်ရှင်း သာယာလှပစေရန်နှင့် ပြည်သူများ ပလပ်စတစ်အမှိုက်များစွန့်ပစ်ရာ၌ စနစ်တကျ စွန့်ပစ်သည့်အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်ကာ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် Bagan Plastic Campaign အဖွဲ့တို့ ပူးပေါင်းပြီး အပတ်စဉ် စနေနေ့တိုင်း စဉ်ဆက်မပြတ် စုပေါင်းအမှိုက်ကောက်ယူရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၂ ရက်(စနေနေ့) ၊ ယနေ့ နံနက် ၆ နာရီခွဲက ညောင်ဦး - မြင်းခြံသွားလမ်းတစ်လျှောက်ရှိ စွန့်ပစ်ပလပ်စတစ်အမှိုက်များအား လူအင်အား ၂၀ဝ ခန့်ဖြင့် ကောက်ယူရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

‌ေ

 

အဆိုပါ စွန့်ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ရာသို့ ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်း ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (ထွေ/အုပ်)ဝန်ထမ်းများ ၊ Bagan Plastic Campaign အဖွဲ့ဉက္ကဌ ဦးတင့်ဆွေနှင့် အဖွဲ့ဝင်များ ၊ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဝန်ထမ်းများ ၊ ညောင်ဦးမြို့ ထွန်းကော်မာရှယ်မှ အဖွဲ့ဝင်များ ၊ တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ ၊  စုစုပေါင်း လူအင်အား ၂၀ဝ ဦးခန့် ပူးပေါင်းပါဝင်ကာ ညောင်ဦး - မြင်းခြံသွားကားလမ်း လမ်းဘေး(ဝဲ၊ယာ)တစ်လျှောက်ရှိ  စွန့်ပစ် ပလပ်စတစ်အမှိုက်များကို အမှိုက်သိမ်းယာဉ်ဖြင့် စုပေါင်းကောက်ယူ ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

‌ေ

 

ယခုအခါ မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးဒေသသည် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဒေသတစ်ခု ဖြစ်လာသည့်အတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ Bagan Plastic Campaign အဖွဲ့မှ အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ပုဂံညောင်ဦးဒေသအား အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယင်းဒေသသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူး ခရီးသွားဧည့်သည်များကို ပလပ်စတစ် အမှိုက်များအား စည်းကမ်းမဲ့ စွန့်ပစ်ခြင်းများ မပြုလုပ်ကြရန်နှင့် စွန့်ပစ်အမှိုက်ပုံးများတွင် စနစ်တကျ စွန့်ပစ်ခြင်းဖြင့် ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား သန့်ရှင်းသာယာလှပရေး ပူးပေါင်းပါဝင် ဆောင်ရွက်လာ စေရန် အသိပေးနှိုးဆော်ထားရှိကြောင်း အဆိုပါ Bagan Plastic Campaign အဖွဲ့မှ သိရသည်။ 

 

‌ေ


 
ရဲဝင်းနိုင် (ညောင်ဦး)