ပုံမှန်ဝင်ငွေ ဖော်ဆောင်ပေးနေသော  လယ်ကြီးသာကျေးရွာမှ ကြိုးကျစ်လက်မှုလုပ်ငန်း

ငါန်းဇွန်၊  ၄  ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် လယ်ကြီးသာကျေးရွာတွင် ကြိုးကျစ်လုပ်ငန်းဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေ ဖော်ဆောင်လျက်ရှိရာ ကြိုးကျစ်လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လက်ရှိကာလ ကြိုးကျစ်လုပ်ငန်းတွင် နွားချည်ကြိုးအတွက် ပလက်စတစ်ကြိုးများဖြင့်ကျစ်ကာ နွားလည်ပင်း ကြိုးများကို ချည်ဖြင့်ကျစ်ကြရသည်။ ချည်ကုန်ကြမ်းဝယ်ယူရာတွင် ချည်တစ်ပိဿာလျှင် ငွေကျပ် ၂၇၀ဝ မှ ၂၉၀ဝ ကျပ်အထိပေးရပြီး ပလက်စတစ်ကြိုးမှာ တစ်ပိဿာလျှင် ၂၅၀ဝ မှ ၂၇၀ဝ ကျပ်ဖြင့် ဝယ်ယူပြီး ကြိုးကျစ်ကြရသည်။ 

အချိန်အခါအလိုက် ချည်ကုန်ကြမ်းဈေးနှုန်း ကုန်ချောဈေးနှုန်း အတက်အကျရှိသည်။ နွားချည်ကြိုး ငါးတောင်အရှည် ကုန်ချောတစ်စုံလျှင် ငွေကျပ် တစ်ထောင်ကျပ်ဖြင့် ရောင်းချပြီး နွားလည်ပင်ကြိုးငယ် တစ်စုံလျှင် ငွေကျပ် ၂၅၀ နှုန်းဖြင့် ရောင်းချသည်။

ကြိုးကျစ်လုပ်ငန်းမှာ မိသားစုအိမ်တွင်းမှုလုပ်ငန်းဖြစ်ပြီး လူသုံးယောက်ပြုလုပ်ပါက တစ်နေ့လျှင် အရင်းနုတ်ပြီး ငွေကျပ်နှစ်သောင်း ငါးထောင်အထိ အမြတ်ကျန်ကာ တစ်ဦးလျှင်နေ့တွက်အနည်းဆုံး ရှစ်ထောင်ကျပ်အထိ ရရှိကြောင်း လယ်ကြီးသာရွာမှ ကြိုးကျစ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ကြိုးကျစ်ရာတွင် လိုအပ်သော ပေအရှည်အတိုင်းဆွဲကာ ကြိုးကျစ်စက်ကလေးဖြင့်လှည့်ကာ ကျစ်ပေးကြရသည်။ အရည်အသွေးမီသော ကြိုးတစ်ချောင်းရရှိရန် ချည်အမျိုးအစားအလိုက် ချည် ၁၀ ပင်၊ ၁၅ ပင်မှ ၂၀ အထိ ထည့်သွင်း ကျစ်ကြရသည်။

ကြိုးတစ်ချောင်ဖြစ်လာစေရန် နှစ်လွန်းတင်၊ သုံးလွန်တင်မှ ခြောက်လွန်းအထိ ကျစ်ကြရသည်။ အများစုမှာ ခြောက်လွန်းတင်ကျစ်ကြရသည်။ နွားချည်ကြိုးတစ်ချောင်း ကျစ်မည်ဆိုပါက ပုံမှန်အားဖြင့် ငါးတောင်အရှည် ကျစ်ကြရသည်။ လက်ရှိကာလ နွားချည်ကြိုးအပြင် ရာသီအလိုက် ထန်းတက်ကြိုးများကို တွဲဖက်ကျစ်ကာ ကျောက်ဆည်ဒေသနှင့်  အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

တိမ်တမန်