စစ်တွေ ၁၆ စက်တင်ဘာ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါရုံးအဆောက်အဦသစ်ရှေ့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အဆောက်အဦသစ်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရခိုင်ပြည်နယ်ဘဏ်ခွဲ မန်နေဂျာ ဦးအေးသိန်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။ ထို့နောက် ပြည်နယ်မန်နေဂျာနှင့် တာဝန်ရှိသူများက ရုံးအဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို မြို့နယ်ဘဏ်ခွဲအစည်း အဝေးခန်းမ၌ကျင်းရာ ပြည်နယ်မန်နေဂျာ ဦးအေးသိန်းက အဆောက်အဦသစ်တည်ဆောက်မှုနှင့် ပုဏ္ဏားကျွန်းမြို့နယ်ဘဏ်ခွဲ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဒေါ်သန်းသန်းညွန့်က အဆောက်အဦသစ် ဆောက်လုပ်ခြင်း အတွက် ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်မန်နေဂျာနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့အား အထိမ်းအမှတ် အလံငယ်များပေးအပ်သည်။
ပုဏ္ဏားကျွန်းမြို့နယ်ဘဏ်ခွဲအဆောက်အဦသစ်သည် ၄၀ ပေ၊ ၅၀ ပေ၊ RC တစ်ထပ် အဆောက်အဦ အမျိုးအစားဖြစ်ပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ငွေလုံးငွေရင်းခွင့်ပြုငွေ ကျပ်သန်း(၆၀) ဖြင့်ဆောက်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ဘဏ်ခွဲမန်နေဂျာ၊ ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူလယ်သမားများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)