ပုံပြင်တွေထဲကလို ပင်လယ်ဓားပြကြီးတွေ အပြင်မှာရှိကြသလား

၂၆ ဇူလိုင်

ပင်လယ်ဓားပြကြီးတွေအကြောင်း ကလေးတို့ ကြားဖူးကြသလား။ ကာတွန်းတွေနဲ့ ဇာတ်လမ်းတွေမှာတော့ မြင်ဖူး ကြတယ်မဟုတ်လား။ မျက်လုံးတစ်ဖက်ကို အမည်းရောင် အဝိုင်းကြီးနဲ့ ကာထားပြီး ခေါင်းမှာလည်း အရိုးခေါင်းပုံပါတဲ့ ကတ်ဦးထုပ်ကိုဆောင်းထားမယ်။ ကိုးရိုးကားရား ဝတ်ရုံ ကြီးကို ဝတ်ထားမယ်၊ ခါးမှာလည်း ဓားကိုချိတ်ဆွဲထားပြီး လက်ထဲမှာလည်း သေနတ်ကြီးကို ကိုင်ထားမယ်ပေါ့။ အမယ်လေး တော်တော်ကို ကြောက်စရာကောင်းတာပဲနော်။ တကယ်ကိုပဲ ရှေးရှေးတုန်းက ပင်လယ်ဓားပြကြီးတွေဟာ ပင်လယ်ထဲမှာနေကြပြီး ကုန်တင်သင်္ဘောတွေကို ဓားပြ တိုက်ခဲ့ကြတာပါ။ အခုအချိန်ထိလည်း ကမ္ဘာကြီးရဲ့ သမုဒ္ဒရာကြီးတွေထဲမှာ ပင်လယ်ဓားပြတွေ ရှိနေဆဲပဲ ဖြစ်ပါ တယ်။

ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ နာမည်ကျော် ပင်လယ်ဓားပြကြီးဖြစ်တဲ့ ကပ္ပတိန်ဂျက်စပဲရိုးက သိပ်ကို သရုပ်ဆောင်ကောင်းတာပဲနော်။ သူက မျက်လုံးတွေကို အမည်းရောင်ကာချယ်တွေနဲ့ ဆွဲထားတယ်။ နှုတ်ခမ်းမွေးကားကားကြီးနဲ့ပေါ့ကွယ်။ အပြင်မှာလည်း ပင်လယ်ဓားပြတွေရှိခဲ့ပြီး သူတို့တွေက ပင်လယ်ထဲမှာ ရွက်သင်္ဘောကြီးတစ်စင်းနဲ့ ရွက်လွှင့်ခဲ့ကြတာပေါ့။ ပင်လယ်ဓားပြတွေက သိပ်ကို ရက်စက်ကြမ်းကြုတ်ကြပြီး သူတို့ ရွက်သင်္ဘောကြီးတွေပေါ်မှာ အလံတစ်ခုကို အမြဲလွှင့်ထူ ထားတယ်။ အများစုကတော့ အနီရောင်၊ အနက်ရောင် အောက်ခံတွေပေါ်မှာ အရိုးခေါင်းတွေ၊ သဲနာရီတွေ၊ မိကျောင်းရိုး စတဲ့ပုံတွေဖော်ထားတယ်။ ပင်လယ်ထဲမှာ ဓားပြတိုက်ရတာလည်း သူတို့အတွက် အခက်အခဲတွေက အများကြီးရှိပါတယ်။ မုန်တိုင်းတွေကြောင့် သေကျေ ကြရသလို၊ ငါးမန်းတွေ၊ မိကျောင်းတွေကလည်း သူတို့ကို တိုက်ခိုက်ဖို့ အမြဲချောင်းနေကြသူတွေပေါ့။

သမုဒ္ဒရာတွေကိုကုန်သွယ်ဖို့အတွက် စတင်အသုံးပြု ချိန်ကတည်းက ပင်လယ်ဓားပြတွေပေါ်လာခဲ့တာပါ။ ပထမ ဆုံး မှတ်တမ်းတင်ထားတဲ့ ဓားပြမှုကတော့ အေဂျင်ပင်လယ်နဲ့ မြေထဲပင်လယ်မှာ ဘီစီ ၁၃ ရာစုက ပင်လယ်ပျော်များက စတင်ကျူးလွန်ခဲ့တဲ့အမှုပဲဖြစ်ပါတယ် ကလေးတို့ရေ။ သမိုင်းကြောင်းအရ အီလီရီယန်နဲ့ တိုင်ရီနီယန်တို့ကို ပင်လယ်ဓားပြများအဖြစ် သတ်မှတ်ခဲ့ပြီး ရောမသားတွေနဲ့ ဂရိသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။

အနီရောင် အလံတစ်ခုဖြစ်တဲ့ ဂျိုနီရော်ဂျာဆိုတဲ့ ပင်လယ်ဓားပြအလံတစ်မျိုးရှိပါသတဲ့။ ကြောက်ဖို့ကောင်း တဲ့ အနီရောင်အလံကိုမြင်တာနဲ့ အတိုက်ခံရမယ့် သင်္ဘောသားတွေဟာ ရေထဲကို ခုန်ချထွက်ပြေးတော့တာပါပဲ။ ပင်လယ်ဓားပြတွေဟာ ရက်စက် ကြမ်းကြုတ်ကြသူတွေဖြစ်လို့ သူတို့ သေဆုံးသွားတာတောင် သူတို့ရဲ့ အကြောင်းတွေက ပြောစမှတ် ကျန်ရစ် ခဲ့ကြသူတွေပါ။ ကယ်လီကိုဂျက်စ်၊ ကပ္ပတိန်ကစ်၊ အက်ဒ်ဝက်ဒ်စတဲ့ ပင်လယ် ဓားပြကြီးတွေအကြောင်းကို ပြောစမှတ်ရှိကြပါတယ်။ မုတ်ဆိတ်နက်ကြီး အက်ဒ်ဝက်ဒ်ဆိုရင် သူလိုချင်တာရဖို့ အတွက် ဘယ်လိုသနားတဲ့စိတ်မှမရှိဘူးတဲ့ ကလေးတို့ရေ။ သူ့ကို လူတွေကြောက်လန့်အောင် မုတ်ဆိတ်မွေးတွေမှာ လျှော်ချည်တွေရောပြီးကျစ်ထားပါသတဲ့။ သင်္ဘောတစ်စင်းကို ဓားပြတိုက်တော့မယ်ဆိုရင် သူ့မုတ်ဆိတ်မွေးတွေကို မီးရှို့ပြီး သူ့မျက်နှာကြီးကို ပိုကြောက်ဖို့ကောင်းအောင် ပြင်ဆင်တိုက်ခိုက်တာမို့ အတော်ကို ချောက်ချားစရာ ပေါ့နော်။

ပင်လယ်ဓားပြတွေ မျက်လုံးအကာတွေသုံးတာက မျက်လုံးထိခိုက်မှုတွေကနေ ကာကွယ်ပေးဖို့အတွက်ထက် ညဘက်ကြည့်လို့ရအောင် ချိန်ညှိထားတာပါ။ ရန်သူသင်္ဘော တွေကို မြင်နိုင်အောင်လို့ပါ။

ပင်လယ်ဓားပြတွေဟာ အခြားသင်္ဘောသားတွေထက် ပင်ပန်းကြပါတယ်။ သူတို့ရဲ့သင်္ဘော ပင်လယ်ပြင်မှာ အန္တရာယ်ကင်းကင်းသွားလာနိုင်ဖို့ရော၊ အခြားသင်္ဘောပေါ် ဓားပြတိုက်ဖို့ရော၊ ရလာတာတွေကို ဝေပုံကျ ခွဲဝေကြဖို့ရော သူတို့ ဘယ်တော့မှ မအားကြပါဘူး။ သူတို့ဟာ လူသတ်ကြသလို၊ သင်္ဘောတွေကို မီးတွေရှို့ကြပါတယ်။ ပင်လယ်ဓားပြတွေဟာ ပင်လယ်တွေထဲမှာ နေထိုင်ကြပြီး လူသူမရှိတဲ့ ကျွန်းတွေမှာ မိုးတွင်းကို ပုန်းခိုတတ်ကြပါ တယ်။ သူတို့တန်ဖိုးအထားဆုံးအရာက နားပေါက်တွေ ဖြစ်ပြီး သူတို့က နားကွင်းတွေ ဝတ်ဆင်ထားကြပါတယ်။ ပင်လယ်ဓားပြတွေဟာ သူတို့နားဆွဲတွေမှာ ပျားဖယောင်းတွေ တပ်ဆင်ထားကြပြီး အမြောက်သံတွေဆူတဲ့အခါ ပျားဖယောင်းတွေနဲ့လည်း သူတို့နားတွေကို ပိတ်တတ် ကြပါတယ်။

ပင်လယ်ဓားပြတွေဟာ သူတို့ ဓားပြတိုက်ထားတဲ့ ရွှေငွေရတနာပစ္စည်းတွေကို လူမရှိတဲ့ ကျွန်းတွေမှာ မြှုပ်ထားတယ်ဆိုပြီး ယုံတမ်းစကားတွေရှိခဲ့ပါတယ်။ အမှန် တော့ သူတို့ဟာ သူတို့ဓားပြတိုက်လို့ရတိုင်း နီးစပ်ရာ ကုန်းပေါ်တက်ပြီး ခွဲဝေသုံးစွဲပစ်လိုက်ကြတာများပါတယ်။ ရာဇဝင်တွေထဲမှာတော့ ပင်လယ်ဓားပြတွေရဲ့ ရတနာသိုက်တွေဟာ ကျွန်းစုတွေပေါ်မှာ ရှိနေတယ်ဆိုတာ မကြာခဏ ဖတ်ရဖူးပါတယ်။ ဒါပေမယ့် ပင်လယ်ဓားပြကြီး ဝီလီယံကစ်ရဲ့ ရတနာတွေကို နယူးယောက်မြို့တစ်နေရာမှာ မြှုပ်ထား တယ်ဆိုတဲ့ ယုံတမ်းစကားရှိခဲ့ဖူးပါတယ်။ ပင်လယ်ဓားပြ တွေထဲမှာ အမျိုးသားတွေနဲ့အတူတူ အမျိုးသမီးကမ္ဘာကျော် ပင်လယ်ဓားပြတွေလည်း ရှိခဲ့ကြဖူးပါတယ်။

ပင်လယ်ဓားပြတွေဟာ အခုချိန်ထိ ပင်လယ်သမုဒ္ဒရာထဲမှာ နေထိုင်ကျက်စားနေကြတုန်းပါပဲ။ သူတို့တွေက အရင်လို ဆံပင်ရှည်ရှည်၊ ဝတ်ရုံရှည်တွေနဲ့ ဓားကောက် တွေကိုင်ထားတာတော့ မဟုတ်တော့ပါဘူး။ နည်းပညာ တွေကိုလည်း အရင်ကထက်ပိုပြီး ကျွမ်းကျင်လာကြသလို သေနတ်မျိုးစုံနဲ့ မူးယစ်ဆေးတွေကိုပါ ရောင်းဝယ် ဖောက်ကားကြတဲ့အပြင် ပြန်ပေးဆွဲတာမျိုးလည်း လုပ်တတ်ကြပါတယ်။ နိုင်ငံတကာက သူတို့ကို ဖမ်းဆီးဖို့ အမျိုးမျိုးကြိုးစားကြပြီး ဖမ်းမိပေမယ့်လည်း လုံး၀ ပျောက်ကွယ်သွားတာမျိုးမဟုတ်ပါဘူး။ ဒီတစ်ပတ်မှာတော့ ပင်လယ်ဓားပြတွေအကြောင်း မိတ်ဆက်ပြောပြခဲ့ပြီးပြီမို့ ကလေးတို့သူငယ်ချင်းတွေနဲ့လည်း ဗဟုသုတတွေ ဖလှယ် ပြီး ပြောပြလိုက်ဖို့ မမက တိုက်တွန်းပါရစေ။

ကေ - ဂျူဝယ်လ်