ပုပ္ပားတောင်ကလပ်တွင် ဘုရားဖူးဧည့်သည်များ၊ ဒေသခံဈေးရောင်းချသူများနှင့် ပြန်လည်သက်ဝင် လှုပ်ရှားစပြုလာ

ကျောက်ပန်းတောင်း ၅ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းခွင့်ပြုချက်ဖြင့် ဘုရားဖူးများ တက်ရောက်ဖူးမြော်ခွင့်ကို ဇူလိုင် ၁ ရက်မှ စတင်ခွင့်ပြုခဲ့သဖြင့် ယခုအခါ တောင်ကလပ် တောင်တော်တစ်ခုလုံး ဘုရားဖူးဧည့်သည်များ၊ ဒေသခံဈေးသည်များဖြင့် ပြန်လည်သက်ဝင် လှုပ်ရှားစပြုလာပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ခရီးသွားလာခွင့်များ ကန့်သတ်ထားခဲ့ရာ ပုပ္ပားတောင်ကလပ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလဆန်းမှစ၍ ဘုရားဖူးဧည့်သည်များ လာရောက်မှုမရှိကြတော့သဖြင့် ဒေသခံဈေးသည်များလည်း ဈေးရောင်းချနိုင်ခြင်း မရှိတော့ဘဲ အလုပ်အကိုင်များ ရပ်နားထားခဲ့ရကြောင်း သိရသည်။ ယခုအခါ နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကန့်သတ်မှုများ ဖြေလျော့ပေးမှုကြောင့် ခရီးသွားလာခွင့် ရရှိလာခဲ့ပြီဖြစ်သဖြင့် ကျောက်ပန်းတောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏ ညှိနှိုင်းခွင့်ပြုချက်ဖြင့် ဧပြီ ၁ ရက်မှစတင်၍ ဘုရားဖူးတက်ရောက်ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ကြောင်း သိရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဘုရားဖူးတက်ရောက်ခွင့်နှင့် ဈေးရောင်းချခွင့်တို့ကို ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

 

ကျွန်တော်တို့ ဘုရားဖူးပြည်သူတွေ ကျန်းမာရေးနဲ့အညီ တက်ရောက်နိုင်အောင် ပတ္တမြားစောင်းတန်းနဲ့ ဆင်နှစ်ကောင်စောင်းတန်းတို့မှာ လက်ဆေးဘေစင်တွေထားရှိပေးပြီး လက်ဆေးစေပါတယ်၊ ပြီးတော့ နှာခေါင်းစည်း mask ပါမှသာ အပေါ်ကို တက်ရောက်ခွင့်ပေးပြီး ကိုယ်အပူချိန်တိုင်းတာတွေ၊ ကိုယ်ရေးအချက်အလက် မှတ်တမ်းရယူတာတွေကို ကျွန်တော်တို့ ဂေါပကဝန်ထမ်းတွေက ဆောင်ရွက်နေကြပါတယ်။ ဒါ့အပြင် မျောက်စာ ဈေးသည်တွေကိုလည်း အားလုံးတစ်ပြိုင်နက်တည်း ရောင်းချခြင်းမရှိစေဘဲ အလှည့်ကျနဲ့ လူခွဲပြီး ရက်ခြားရောင်းချစေတဲ့ စနစ်ကို စီစဉ်ပေးထားပါတယ် ဟု တောင်ကလပ်ဂေါပကအဖွဲ့ဝင် ဦးသိန်းဝင်းက ပြောသည်။

 

ဘုရားဖူးဧည့်သည် ဝင်ရောက်မှုအနေဖြင့် စတင်ခွင့်ပြုခဲ့သည့် ဧပြီ ၁ ရက်တွင် ဧည့်သည် ၁၂၉ ဦး၊ ဧပြီ ၂ ရက်တွင် ၂၈၇ ဦး၊ ဧပြီ ၃ ရက်တွင် ဧည့်သည်ဝင်ရောက်မှု ၄၀၃ ဦးအထိ ရှိခဲ့ပြီး ဧပြီ ၄ ရက်တွင်လည်း ၄၀ဝ ခန့် လာရောက်ခဲ့ကြကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)