ပုသိမ်ကြီးမြို့နယ်၌ ဝါးခြင်းရက်လုပ်သည့် လုပ်ငန်းများ ယခုရက်ပိုင်း ပြန်လည်လုပ်ကိုင်လာ

မန္တလေး၊   ၁၈  ဇန်နဝါရီ

 

ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာသည် ဝါးဖြင့် ခြင်းရက်လုပ်သည့် လုပ်ငန်းကို ရှေးယခင်ကတည်းက တစ်ရွာလုံးနီးပါး ပြုလုပ်လာကြပြီး ယခုနောက်ပိုင်းတွင် လုပ်ကိုင်မှု နည်းပါးလာပြီဖြစ်ကြောင်း သိရသည်၊၊

 

ဝါးခြင်းရက်လုပ်မှု လုပ်ငန်းများမှာ မိသားစုနေ့စဉ်ဝင်ငွေသာမက စီးပွားဖြစ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်၊၊ ကိုဗစ်ကာလဖြစ်သည့်အတွက် ဝါးကုန်ကြမ်း အခက်အခဲများရှိကာ လုပ်ငန်းများ ရပ်နားထားရသော်လည်း ယခုရက်ပိုင်းအတွင်း ကုန်ကြမ်း အနည်းငယ် ရရှိလာသောကြောင့် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေပြီဖြစ်ကြောင်း ခြင်းရက်လုပ်သူ မနွယ်က ပြောသည်၊၊

 

ရက်လုပ်ရာတွင် မျှင်ဝါးကို အသုံးပြုရပြီး ဝါးတစ်လုံးကို ငါးရာကျပ်ပေးရကာ ထိုဝါးကို ခွဲစိတ်ပြီး ခြင်းရက်လုပ်ပါက ခြင်းနှစ်လုံးခန့်ရရှိကြောင်း စျေးကွက်တွင် ခြင်းတစ်လုံးကို ငွေကျပ် ၇၀၀ နှုန်းဖြင့် သွင်းရကြောင်း၊ ကိုယ်တိုင်သွားရောက်ကာ စျေးကွက်ကို ရောင်းချပါက တစ်ထောင်ကျပ်အထိရကြောင်း၊ သို့သော် သယ်ယူစရိတ်များကြောင့် ပွဲစားများနှင့်သာ ရောင်းချကြကာ တစ်ရက်တွင် ခြင်းအလုံးရေ ၂၀ အထိ ပြီးကြောင်း ၎င်းက ဆက်လက်ပြောပြသည်၊၊

 

ယခင်ကကျေးရွာအတွင်း တစ်ရွာလုံးနီးပါး လုပ်ကိုင်ခဲ့သည့် လုပ်ငန်းကို လုပ်ကိုင်သူနည်းပါးလာပြီး အခြားသော စီးပွားရေးလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်နေကြပြီဖြစ်သည်၊၊ ခြင်းရက်လုပ်မှုမှာ အမျိုးသမီးများအတွက် အိုးမကွာအိမ်မကွာနှင့် ကိုယ်ပိုင်လုပ်ငန်း တစ်ခုအဖြစ် လုပ်ကိုင်နိုင်ပြီး ရက်လုပ်မှု ပြီးစီးသည့်ခြင်းများကိုလည်း ကျေးရွာအတွင်းရှိ ပွဲစားထံတွင် ထွက်သမျှ သွင်းနိုင်ကာ စျေးကွက် အခိုင်အမာ ရှိထားသည်၊၊ ဝါးခြင်းတောင်း စျေးကွက်အနေဖြင့် အတက်အကျ အနည်းငယ်ရှိကြောင်း သရက်သီးကဲ့သို့ သစ်သီးပေါ်ချိန်တွင် ခြင်းစျေးကွက်မှာ ပွဲစားများထံသို့ ငွေကျပ်တစ်ထောင်အထိ သွင်းရပြီး စျေးကျသည့်အချိန်တွင် ခြင်းတစ်လုံးကို ခြောက်ရာခန့်သာ ရရှိကြသည်၊၊ လုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာသော်လည်း ၎င်းကျေးရွာတွင် ခြင်းရက်သူ ၁၀ ဦးနှင့်အထက်ရှိနေပြီး ပုံမှန်လုပ်ကိုင်နေကြကာ ထွက်သမျှကို စျေးကွက်ကိုတင်ပို့ရင်း နေ့စဉ်ဝင်ငွေ ရရှိနေကြခြင်းဖြစ်သည်၊၊

 

ဝေဖြိုးအောင်