ပုသိမ်မြို့၌ ဆေးလိပ်ငွေ့ ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မှုအပေါ် အသိပေးရှင်းလင်းပွဲပြုလုပ်

ပုသိမ်  ၂၁  နိုဝင်ဘာ

 

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေ (၂၀၁၆)ပြဋ္ဌာန်း ချက်များနှင့် အညီ ဆေးလိပ်ငွေ့ ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်း၊ အသိပေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နာတာရှည် ရောဂါများ ဖြစ်ပွားပြီး သေဆုံးမှုမှကာကွယ်ရန်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်ရေးလုပ်ငန်းများကို ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း ထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းနှင့် သဘောတူညီချက်စာချုပ်ကို ၂၀ဝ၃ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ရာ ယင်း စာချုပ်ပါအချက်များကို တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်နေကြကြောင်း၊ ဥပဒေများရေးဆွဲ ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သော်လည်း လိုက်နာအကောင်အထည်ဖော်ရာတွင် အားနည်းနေသေးကြောင်း၊ မိမိတို့ တိုင်းဒေသကြီးတွင် ဆေးလိပ်ငွေ့ကင်းစင် နယ်မြေများ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှု ထိန်းချုပ်ရေး ကော်မတီများကို တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်များကို အသီးသီး ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာ ကျောင်းများအားလုံး၌ ဆေးလိပ်ကင်းစင်ကျောင်းအပြင် ဆေးရွက်ကြီးကင်းစင်ကျောင်းနှင့် အားကစား မြှင့်တင်ကျောင်းများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြောကြားသည်။

 

ထို့ပြင် ဝန်ကြီးချုပ်က “တိုင်းဒေသကြီး၏ ပုံရိပ်ကို ဖော်ဆောင်ရန် ချောင်းသာ (သို့မဟုတ်) ငွေဆောင်ကမ်းခြေ ခရီးသွားဒေသကို ဆေးလိပ်ငွေ့ကင်းစင် ကမ်းခြေအဖြစ် ဖော်ဆောင်နိုင်ရန် ဟိုတယ်လုပ်ငန်းရှင်များက ပူးပေါင်းပေးရန် လိုအပ်ကြောင်း၊ ယနေ့ အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်း အမှန်တကယ် လုပ်ဆောင်မည့် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေး လုပ်ငန်းစဉ် များကို ကော်မတီဝင်များမှ အင်တိုက်အားတိုက်ဆွေးနွေးပြီး အတည်ပြုချက် ရယူမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း နေထိုင်ကြသော ပြည်သူလူထုအား ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ်ကင်းစင်စေရန်နှင့် ဆေးလိပ် ကင်းစင်သည့် တိုင်းဒေသကြီး ဖြစ်ရန်အတွက် ဆက်စပ်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးအတွက် နိုင်ငံတော်မှ ပြဋ္ဌာန်းထား သည့် ဥပဒေ၊ အမိန့်ကြော်ငြာစာများကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်း ပြောကြားသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ (၂၀၁၆)ပြဋ္ဌာန်းချက်များနှင့်အညီ ဆေးလိပ်ငွေ့ ကင်းစင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်း အသိပေးရှင်းလင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြောင်းမြပြည်သူ့ဆေးရုံအုပ်ကြီးမှ ဆေးလိပ်ငွေ့ ကင်းစင် နယ်မြေများ ထူထောင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

 

တိုးဝေဇင်(တိုင်းပြန်ဆက်)