ပူတာအိုလွင်ပြင် ပတ်လမ်း ၂၅ မိုင်အတွင်း လမ်းလုပ်ငန်းဆောင်ရွက်နေမှုများ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကြည့်ရှုစစ်ဆေး

ပူတာအို   ဇန်နဝါရီ   ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုလွင်ပြင် ပတ်လမ်း ၂၅ မိုင်အတွင်း လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပူတာအို -လယ်မယ်ဝါဂျီ - နမ်ရှယ်ကော့ - မန်စေခွန် - မန်စေလမ်း (ပူတာအိုလွင်ပြင်ပတ်လမ်း) လမ်းအရှည် ၂၅ မိုင်အတွင်းရှိ ပမ္မတီးကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၁ မိုင် ဆောင်ရွက်နေမှုများနှင့် လွင်ပြင်ပတ်လမ်း ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ အခြေအနေများနှင့် ပတ်သက်၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် လွင်ပြင်ပတ်လမ်းအတွင်း နမ်ရှည်ကော့ကျေးရွာနှင့် ဆထီလော်ကျေးရွာအကြား မြေပြန့်လွင်ပြင်နေရာ၌ ကျေးလက်နေ ပြည်သူများအတွက် လယ်ယာမြေ ဖော်ထုတ်၍ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ပေးနိုင်ရေး မြေဆီလွှာဖြစ်ထွန်းမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး နန့်ပလပ်ချောင်းအတွင်း ကျေးလက်နေပြည်သူများ ကုန်ထုတ်ရာတွင် လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် တံတားအသစ် တည်ဆောက်ပေးနိုင်ရေး ကြိုးတံတားမှတစ်ဆင့် တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မန်စေ - မန်စေခွန်လမ်းပိုင်း ၁ မိုင်အား ကွန်ကရစ်လမ်းခင်းကျင်း ဆောင်ရွက်နိုင်ရေး လမ်းသားတိုးချဲ့ဆောင်ရွက်နေမှုများ၊ လမ်းဘေး ဝဲ/ယာ လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆောင်အတွင်း တာဝန်ရှိသူများနှင့် တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အချိန်မီဆောင်ရွက်ပြီးစီးရေး၊ ဒေသအတွက် အမှန်တကယ် အကျိုးပြုမည့် လုပ်ငန်းဖြစ်သည့်အတွက် သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)