ရာနှုန်းပြည့်နိုင်ပွဲဆက်မှုနဲ့အတူ ဘယ်လ်ဂျီယံအသင်း ယူရို ၂ဝ၂ဝ ပြိုင်ပွဲ ၁၆ သင်းအဆင့် တက်လှမ်း

ဘယ်လ်ဂျီယံအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အုပ်စု(B) နောက်ဆုံးပွဲစဉ်အဖြစ် ဖင်လန်အသင်းနဲ့ ဇွန် ၂၁ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စုအဆင့်မှာ သုံးပွဲစလုံး အနိုင်ရရှိပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်မှုနဲ့အတူယူရို ၂၀၂၀ရဲ့ ၁၆သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

ဖင်လန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၇၄ မိနစ်မှာ ဟာရာ ဒက်ကီ (ကိုယ့်ဂိုးကိုယ်သွင်း)နဲ့ ပွဲကစားချိန် ၈၁ မိနစ်မှာ လူကာကူ တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မှတ်တမ်းဝင်ခဲ့

ဖင်လန်အသင်းနဲ့ ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင် ခဲ့တဲ့ တိုက်စစ်မှူး လူကာကူဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ သွင်းဂိုး သုံးဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လက်ရှိအချိန်မှာ ပေါ်တူဂီအသင်းမှ တိုက်စစ်မှူး စီရိုနယ်လ်ဒို၊ ချက်အသင်းမှ ပက်ထရစ်ရှ်ချစ်၊ နယ်သာလန်အသင်းမှ ဝစ်ဂျဲနယ်ဒမ်တို့နဲ့အတူ သွင်းဂိုးသုံးဂိုးစီ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ရုရှားအသင်းနဲ့ ပွဲစဉ်မှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒိန်းမတ်အသင်းနဲ့ပွဲစဉ်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အခုပွဲစဉ်မှာလည်း နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စု အဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ်စုစုပေါင်း ကိုးမှတ် ရရှိခဲ့ကာ ၁၆ သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

အုပ်စု(B)ရဲ့ အခြားသောပွဲစဉ်တစ်ပွဲဖြစ်တဲ့ရုရှားအသင်းနဲ့ ဒိန်းမတ်အသင်းတို့ပွဲစဉ်မှာ ဒိန်းမတ် အသင်းဟာ ရုရှားအသင်းကို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုအဆင့် သုံးပွဲကစားအပြီးမှာ ရမှတ် သုံးမှတ် ရရှိခဲ့ပေမယ့် ဖင်လန်အသင်း၊ ရုရှားအသင်းတို့နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

အီတလီအသင်း၊ ဝေးလ်အသင်း၊ ဘယ်လ်ဂျီယံအသင်း၊ ဒိန်းမတ်အသင်း၊ နယ်သာလန်အသင်း၊ ဩစတြီးယားအသင်းတို့ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး အင်္ဂလန် အသင်း၊ ချက်အသင်း၊ ဆွီဒင်အသင်းနဲ့ ပြင်သစ်အသင်းတို့ဟာလည်း လက်ရှိအချိန်မှာ ရမှတ်လေးမှတ်စီ ရရှိထားပြီ ဖြစ်တာကြောင့် အုပ်စုအဆင့်ရဲ့ တတိယနေရာနဲ့ အဆုံးသတ်ခဲ့မယ်ဆိုရင်တောင် ၁၆ သင်း အဆင့်ကို တက်လှမ်းဖို့အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

လက်ရှိအနေအထားအရ အုပ်စု(A)ရဲ့ အုပ်စုအဆင့် ပထမနေရာနဲ့ ၁၆ သင်းအဆင့် တက်လှမ်းခွင့်ရရှိခဲ့တဲ့ အီတလီအသင်းဟာ ၁၆ သင်းအဆင့်မှာ အုပ်စု(C)ရဲ့ အုပ်စုအဆင့် ဒုတိယနေရာမှ ဩစတြီးယား အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အုပ်စု(A)ရဲ့ အုပ်စုအဆင့် ဒုတိယနေရာနဲ့ ၁၆ သင်းအဆင့် တက်လှမ်းခွင့်ရရှိခဲ့တဲ့ ဝေးလ်အသင်းဟာ အုပ်စု(B)ရဲ့ အုပ်စုအဆင့် ဒုတိယနေရာမှ ဒိန်းမတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

ငွေကြယ်