ရာပြည့် ရန်ကုန်တက္ကသိုလ်နှင့် အမျိုးသားအောင်ပွဲနေ့

ူုးါ်

ကောင်းစည်သူ

ခရစ်နှစ် ၁၉၂၀ ပြည့်နှစ်သည် မြန်မာ့သမိုင်းတွင် အလွန် ထူးခြားသောနှစ်ဖြစ်ကာ ထိုနှစ် အောက်တို ဘာလ ၁၃ ရက်တွင် မြန်မာ့ရုပ်ရှင်ပေါ်ထွန်း၍ ဒီဇင်ဘာလ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ပြီး တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (ဒီဇင်ဘာလ ၅ ရက်) တွင် အမျိုးသားအောင်ပွဲနေ့ စတင်ခဲ့သည်။ ထို့ကြောင့် ယခု ၂၀၂၀ ပြည့်နှစ်သည် မြန်မာ့ရုပ်ရှင်၊ ရန်ကုန်တက္ကသိုလ်နှင့် အမျိုးသားအောင်ပွဲနေ့တို့၏ နှစ် ၁၀၀ ပြည့်မြောက်သည့် အချိန်ကာလဖြစ်ပေသည်။

 

ါ့ဘိ

 

ကိုလိုနီခေတ် ပညာရေး

မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီး ဆာအာသာ ဖယ်ယာသည် မြန်မာနိုင်ငံပညာရေးစီမံကိန်းကို ရေးဆွဲ ၍ ၁၈၈၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ကာ ပညာရေးဌာနကို ဖွဲ့စည်းခဲ့သည်။ ပညာမင်းကြီးအဖြစ် မော်လမြိုင်မြို့မှ ကျောင်းအုပ်ကြီး ဂျော့ဟောင်းကို ခန့်အပ် ၍ မြန်မာစာကို သင်ကြားရေးမဏ္ဍိုင်အဖြစ်ထားကာ မူလ တန်းပညာကို ဘုန်းကြီးကျောင်းများတွင် သင်ကြားပေးရန် ရည်ရွယ်ခဲ့သည်။

 

၁၈၇၄ ခုနှစ်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ ဖယ်ယာနေထိုင်ခဲ့သည့် အဆောက်အအုံ(ယခု အထက ၁ ၊ လသာကျောင်းဝင်း) ၌ ပထမဆုံးသော အစိုးရ တန်းမြင့်ကျောင်းကို ဖွင့်လှစ်ကာ ဂျေအိပ်ခ်ျဂီးလ်ဘတ် (J.H.Gilbert) က ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူပြီး အခြေခံပညာ မူလတန်းမှ အထက်တန်းအထိ သင်ကြား ပေးခဲ့သည်။ ၁၈၈၁ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် ပညာ ရေးနှင့်ပတ်သက်၍ အစိုးရကို အကြံဉာဏ်နှင့် အကူအညီ ပေးနိုင်ရန် ပညာရေးဆင်ဒီကိတ်ကို ဖွဲ့စည်းခဲ့သည်။

 

၁၈၇၈ ခုနှစ်တွင် ယင်းတန်းမြင့်ကျောင်း၌ ကာလ ကတ္တားတက္ကသိုလ်၊ ဥပစာတန်း စာမေးပွဲအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချသည့် ကောလိပ်ဌာနပေါ်ပေါက် ခဲ့သည်။ မြန်မာနိုင်ငံ ဗြိတိသျှအစိုးရသည် ယင်းကောလိပ် ဌာနကို ကာလကတ္တားတက္ကသိုလ်နှင့် ဆက်သွယ်သည့် ဥပစာကောလိပ်အဖြစ် ၁၈၇၉ ခုနှစ် ဇန်နဝါရီလ ၁ ရက် တွင် အသိအမှတ်ပြု၍ ၁၈၈၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့(BA) သင် တန်းကို ဖွင့်လှစ်ခဲ့သည်။

အစိုးရတန်းမြင့်ကျောင်းဝင်းအတွင်း၌ အဆောက် အအုံသီးသန့်ဆောက်လုပ်ပြီး ရန်ကုန်ကောလိပ်ကို ၁၈၈၄- ၈၅ ခုနှစ်တွင် ဖွင့်လှစ်၍ တန်းမြင့်ကျောင်း ကျောင်းအုပ်ကြီး ဂျေအိပ်ခ်ျဂီးလ်ဘတ်ကို ရန်ကုန် ကောလိပ်ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

 

ရန်ကုန်မြို့မှ ကောလိပ်နှစ်ခု

ပညာရေးဆင်ဒီကိတ်သည် ၁၈၈၆ ခုနှစ် ဧပြီလ ၁ ရက်တွင် အစိုးရတန်းမြင့်ကျောင်းနှင့် ရန်ကုန်ကောလိပ်ကို အစိုးရထံမှ လွှဲပြောင်းယူခဲ့ပြီးနောက် ရန်ကုန်ကောလိပ် သည် ကာလကတ္တားတက္ကသိုလ်နှင့် အဆက်အသွယ်ပြု ထားသည့် ဒီဂရီကောလိပ်ဖြစ်လာခဲ့သည်။ ၁၉၀၄ ခုနှစ် တွင် အစိုးရက ရန်ကုန်ကောလိပ်ကို ပညာရေးဆင်ဒီကိတ် ထံမှ ပြန်လည်လွှဲပြောင်းယူခဲ့ရာ ရန်ကုန်ကောလိပ်သည် အစိုးရကောလိပ် ဖြစ်လာခဲ့သည်။

ရန်ကုန်မြို့ရှိ အမေရိကန်နှစ်ခြင်းသာသနာပြုအဖွဲ့သည် ကာလကတ္တားတက္ကသိုလ်က ကျင်းပသည့် ဥပစာ တန်းကို ဖြေဆိုမည့်သူများကို ၁၈၉၄ ခုနှစ်တွင် ကူရှင် ကျောင်း(ယူနိုက်တက် ခရစ်ယာန်အထက်တန်းကျောင်း)၌ သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့ရာမှ အမေရိကန်နှစ်ခြင်း ကောလိပ်ဟု အမည်တွင်ခဲ့သည်။ ၁၉၀၉ ခုနှစ်တွင် ယင်းကောလိပ်ကို မြန်မာ ပြည်နှစ်ခြင်း သာသနာပြု အဖွဲ့ချုပ် တည်ရှိသည့် အမှတ် (၁၄၃) စိန့်ဂျွန်း လမ်းသို့ ပြောင်းရွှေ့ခဲ့ကာ ဝိဇ္ဇာဘွဲ့(BA) သင်တန်းကို စတင်သင်ကြားခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် အမေရိကန်သာသနာ ပြုပုဂ္ဂိုလ် ဒေါက်တာဂျပ်ဆင်ကို ဂုဏ်ပြု သောအားဖြင့် ဂျပ်ဆင်ကောလိပ် (ယုဒဿန်ကျောင်းတိုက်)ဟု အမည် ပေးခဲ့သည်။

 

ယင်းကောလိပ် နှစ်ခုလုံးသည် ကာလကတ္တား တက္ကသိုလ်၏ လက် အောက်ခံများဖြစ်သဖြင့် မြန်မာနိုင်ငံမှ ကျောင်းသူ ကျောင်းသားများသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၊ ဥပစာတန်းစာမေးပွဲ၊ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့ စာမေးပွဲများကို ဖြေဆိုရာတွင် ကာလကတ္တားတက္ကသိုလ် က ချမှတ်ထားသည့် စည်းမျဉ်းဥပဒေများကို လိုက်နာခဲ့ကြ ရသည်။ ယင်းစည်းမျဉ်းများတွင် မြန်မာနိုင်ငံကျောင်းသူ ကျောင်းသားများနှင့် မဆီလျော်သည့် သတ်မှတ်ချက်များ ပါဝင်နေသဖြင့် ကာလကတ္တားတက္ကသိုလ်၏ ကြီးကြပ်မှုမှ ကင်းလွတ်သည့် သီးခြားတက္ကသိုလ်တစ်ခု တည်ထောင်ရန် ပြည်သူများက လိုလားခဲ့ကြသည်။

ူုြ့

ရန်ကုန်တက္ကသိုလ် ခရီးအစ

၁၈၉၂ ခုနှစ်တွင် မြန်မာခေါင်းဆောင်အချို့နှင့် ပညာ ရေး ဆင်ဒီကိတ်မှ ပုဂ္ဂိုလ်များသည် ရန်ကုန်မြို့၌ သီးခြား တက္ကသိုလ်တစ်ခု တည်ထောင်ရန် စတင်လှုံ့ဆော်ခဲ့ကြ သည်။ သို့သော် ဗြိတိသျှအစိုးရသည် ၁၉၀၇ ခုနှစ်အထိ စီမံဆောင်ရွက်ပေးခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ပညာရေး ဆင်ဒီကိတ်သည် ရန်ကုန်တက္ကသိုလ်ဥပဒေကြမ်းရေးဆွဲ ရန် ဆောင်ရွက်ခဲ့သည်။

 

၁၉၁၀ ပြည့်နှစ်တွင် ဗြိတိသျှအောက်လွှတ်တော်၌ အိန္ဒိယနိုင်ငံဆိုင်ရာအတွင်းဝန်က မြန်မာနိုင်ငံတွင် သီးခြား တက္ကသိုလ်တစ်ခု တည်ထောင်ပေးရန် မူဝါဒတစ်ရပ် ချမှတ်ထားကြောင်း ကြေညာခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ဆာဟာဗေးအဒမ်ဆင်သည် ပညာရေးဆင်ဒီကိတ်က ရေးဆွဲထားသည့် ရန်ကုန် တက္ကသိုလ် ဥပဒေကြမ်းကို အိန္ဒိယအစိုးရထံ တင်ပြခဲ့ သည်။

 

အိန္ဒိယအစိုးရသည် ပထမကမ္ဘာစစ်ကြောင့် ငွေကြေး ကျပ်တည်းနေသဖြင့် တစ်စုံတစ်ရာဆောင်ရွက်ပေးနိုင် ခြင်း မရှိခဲ့သဖြင့် ၁၉၁၆ ခုနှစ်တွင် သီးခြားတက္ကသိုလ်တည် ထောင်ရေးမူကြမ်းကို အိန္ဒိယအစိုးရထံ ထပ်မံတင်ပြခဲ့ သည်။

 

မြန်မာနိုင်ငံ ဗြိတိသျှအစိုးရသည် ပညာမင်းကြီး မစ္စတာမက်သယူးဟန်တား(Mr.Mathew Hunter) ဦးစီး သောအဖွဲ့ဝင် ၃၀ ပါဝင်သည့် ယူနီဗာစီတီ အက်ဥပဒေ ရေးဆွဲရေးကော်မတီကို ၁၉၁၈ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့ သည်။ ယင်းကော်မတီတွင် မြန်မာလူမျိုးအဖွဲ့ဝင်များအဖြစ် ဝိုင်အမ်ဘီအေမှ ဝတ်လုံတော်ရ ဦးမေအောင်၊ ဦးမောင်ကြီး (အမ်အေ)၊ ဦးဘဖေ (ဘီအေ)၊ ဦးကွမ်း (ဘီအေ) ပုသိမ်၊ ဦးဘလှိုင်(ဘီအေ) နှင့် ဦးအမ်အုံးခိုင်တို့ ခြောက်ဦးသာ ပါ ရှိခဲ့သည်။

 

ဝိုင်အမ်ဘီအေကိုယ်စားလှယ်များက ဝိဇ္ဇာသိပ္ပံပညာ ရပ်များ သင်ကြားသည့် ကောလိပ်များကို ဆက်သွယ်နိုင် မည့် တက္ကသိုလ်တစ်ခု ထူထောင်ရန်ကို ထောက်ခံခဲ့ကြ သော်လည်း မစ္စတာမက်သယူးဟန်တား ဦးဆောင်သော ကော်မတီဝင်အများစုက ကောလိပ်တစ်ခုသာပါဝင်သည့် သိပ္ပံယူနီဗာစီတီကို ထူထောင်ရန် တက္ကသိုလ်ဥပဒေကို ရေးဆွဲခဲ့သည်။

 

ရန်ကုန်တက္ကသိုလ်ဖွဲ့စည်းပုံ အစီရင်ခံစာကို ၁၉၁၉ ခုနှစ် မတ်လ ၂၇ ရက်တွင် ပညာမင်းကြီး မက်သယူးဟန် တားထံ ပေးပို့ခဲ့ပြီး ရန်ကုန်တက္ကသိုလ် အက်ဥပဒေကြမ်းကို အိန္ဒိယအစိုးရနှင့် ဗြိတိသျှအစိုးရထံ တင်ပြခဲ့ကာ ၁၉၂၀ ပြည့်နှစ် ဇွန်လတွင် ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့သည်။ ယင်းဥပဒေကြမ်းကို မြန်မာပြည်တစ်ဝန်းမှ ပြည်သူများက ကန့်ကွက်ဆန့်ကျင်ခဲ့ကြသော်လည်း မြန်မာပြည်ဥပဒေပြု ကောင်စီ၏ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံ ဘုရင်ခံ ချုပ်က အောက်တိုဘာလ ၂၄ ရက်တွင် ဥပဒေကို အတည် ပြုခဲ့သည်။

 

ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ပေါ်ထွန်းလာခဲ့ကာ ရန်ကုန်တက္ကသိုလ် ကို ရန်ကုန်တက္ကသိုလ်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ် တို့ဖြင့် ဖွဲ့စည်းခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကောလိပ်တွင် သင်တန်းသား ၆၉၂ ဦးနှင့် ဂျပ်ဆင်ကောလိပ်တွင် သင်တန်းသား ၁၃၇ ဦး တက်ရောက်ခဲ့ကြသည်။

 

မြန်မာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး အဓိပတိအဖြစ် တာဝန် ယူ၍ ရန်ကုန်တက္ကသိုလ်ပထမဆုံးဘွဲ့နှင်းသဘင်ကို ၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်တွင် ကျင်းပခဲ့သည်။ သို့သော် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အအုံကို ၁၉၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အဓိပတိ ဆာရယ်ဂျီနယ်ကရက်ဒေါက်က အုတ်မြစ်ချကာ စတင်တည်ဆောက်ခဲ့သည်။

 

ရန်ကုန်တက္ကသိုလ်နှင့် အမျိုးသားအောင်ပွဲ

မြန်မာပြည်သူများသည် ရန်ကုန်မြို့၌ တက္ကသိုလ် တစ်ခု ထူထောင်ပေးခြင်းကို ကျေနပ်ကြသော်လည်း တက္ကသိုလ် အက်ဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကိုမူ ကျေနပ် မှု မရှိခဲ့ကြချေ။ ကျွန်သက်ရှည်ရေးစီမံချက်၊ ကျွန်ပညာရေး စနစ်ဖြစ်သည့် ယင်းအက်ဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။

 

အက်ဥပဒေတွင် မြန်မာနိုင်ငံ၌ တက္ကသိုလ်တစ်ခု တည်းသာရှိရမည်၊ တက္ကသိုလ် လက်အောက်တွင် ကောလိပ်ကျောင်း တစ်ကျောင်းတည်းသာ ရှိရမည်၊ ထို ကောလိပ်သည် ရန်ကုန်တွင်ရှိရမည်၊ ကောလိပ်ကျောင်း သားများသည် ကျောင်းအိပ်ကျောင်းစားများအဖြစ် နေရ မည်၊

တက္ကသိုလ်ဝင်စာမေးပွဲကို မထားဘဲ အစိုးရက ပြုလုပ် သော ဆယ်တန်းစာမေးပွဲကို အောင်မြင်ရမည်၊ ဆယ်တန်း စာမေးပွဲတွင် အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာ တစ်ခုတွင် ထူးချွန်စွာအောင်မြင်မှသာ တက္ကသိုလ် ဝင်ခွင့်ရမည်၊ ဆယ်တန်းအောင်၍ တက္ကသိုလ်ဝင်ခွင့်ရ သော်လည်း တက္ကသိုလ်ပညာရပ်များကို မသင်ရသေးဘဲ ပညာရပ်များကို ကောင်းစွာလိုက်နိုင်ရန် ပြင်ဆင်မှု အတန်းတွင် တစ်နှစ်နေရမည်၊ ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေပြီးသော်လည်း တက္ကသိုလ်ပညာကို လိုက်နိုင် ရန် အရည်အချင်းမမီသေးလျှင် တက္ကသိုလ်ပညာကို ဆက်လက်သင်ခွင့်ရမည်မဟုတ်၊ ရေးဖြေစာမေးပွဲအပြင် နှုတ်ဖြေစာမေးပွဲများလည်း ပြုလုပ်မည်၊ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့စာမေးပွဲကို ဂုဏ်ထူးဖြင့်အောင်မြင်သူများသာ မဟာဝိဇ္ဇာ၊ မဟာသိပ္ပံစာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့်ရှိသည်၊ ဂုဏ်ထူးတန်းစာမေးပွဲကို ဥပစာတန်း အောင်မြင်ပြီး သုံးနှစ်ကြာမှ ဝင်ရမည်၊ ဂုဏ်ထူးတန်းကို တစ်ကြိမ် ဝင်ရောက်ဖြေဆို၍ မအောင်မြင်လျှင် နောက်ထပ်ဖြေဆို ခွင့်မရှိ စသည့်ကန့်သတ်ချက်များကို ထည့်သွင်းရေး ဆွဲခဲ့သည်။

 

ထို့ကြောင့် အက်ဥပဒေပါ အချက်များသည် မြန်မာ တိုင်းရင်းသားအများစုအား တက္ကသိုလ်ပညာကို သင်ယူ ခွင့် မရရန် ချုပ်ချယ်ထားမှုများဖြစ်သည်ဟု ယူဆခဲ့ကြကာ သတင်းစာများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြပြီး ဥပဒေကို ကန့်ကွက်ဆန့်ကျင်သော ဆောင်းပါးများကို ဖော်ပြခဲ့ကြ သည်။ ပြည်သူများက ကျေနပ်မှုမရှိသော်လည်း အစိုးရက ယင်းဥပဒေကို အတည်ပြုခဲ့သဖြင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ် စသည့် မြို့ကြီးများတွင် ဆန့်ကျင်ဆန္ဒ ပြခဲ့ကြသည်။

 

ဆာရယ်ဂျီနယ်ကရက်ဒေါက်က ရန်ကုန်ယူနီဗာစီတီ ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်တွင် ဖွင့်လှစ်မည်ဟု ကြေညာခဲ့ရာ ကောလိပ်ကျောင်းသားများက ကန့်ကွက် စည်းဝေးပွဲပြုလုပ်၍ သံတွဲ ကိုဘဦးကို ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့သည်။ ဥပဒေကို မပြင်ဘဲ ဆက်လက်လုပ် ဆောင်ပါက ကျောင်းသားနှင့် ပြည်သူများပူးပေါင်း၍ လှုပ် ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်း တောင်းဆိုခဲ့သဖြင့် တက္ကသိုလ်ဖွင့်မည့်ရက်ကို ဒီဇင်ဘာလ ၇ ရက်သို့ ရွှေ့ ပြောင်းခဲ့သည်။

 

ရန်ကုန်ကောလိပ်ကျောင်းသား ၁၁ ဦးသည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်တွင် ရွှေတိဂုံစေတီတော် အနောက်တောင်ဘက်ရှိ စနေထောင့်တွင် စည်းဝေးကြ ကာ အစိုးရကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းရက်သည် သီပေါမင်းပါတော်မူသည့် (၃၅) နှစ်မြောက် ပါတော်မူနေ့ (တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်)ဖြစ် သည်။ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များသည် ကိုဘဦး၊ ကိုဘရှင်၊ ကိုညီပိတ်၊ ကိုဖိုးကွန်း၊ ကိုအေး၊ ကိုလှတင်၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ ကိုဘရှင်၊ ကိုဘခင်နှင့် ကိုအောင်ဒင်တို့ဖြစ်ကြသည်။

 

ရန်ကုန်တက္ကသိုလ်နှင့်ယုဒဿန်ကောလိပ်မှ ကျောင်း သား ၄၀၀ ကျော်သည် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီတွင် ဗဟန်းရေတာရှည်လမ်းရှိ ဦးအရိယကျောင်း တိုက်၌ စုဝေးကာ တက္ကသိုလ်အက်ဥပဒေဖျက်သိမ်းရေးသပိတ်မှောက်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ဒီဇင်ဘာလ ၅ ရက်တွင် ကျောင်းသား ကျောင်းသူများသည် ထပ်မံစုရုံး၍ ယူနီဗာစီတီအက်ဥပဒေကို လုံးဝကန့်ကွက်ကြောင်း သပိတ်မှောက်ခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ် ပထမကျောင်း သားသပိတ်သည် အင်္ဂလိပ်နယ်ချဲ့လက်အောက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးပညာရေးလှုပ်ရှားမှုကြီးအဖြစ် သမိုင်းတင်ခဲ့သည်။

ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းသူ ကျောင်းသား များကလည်း သပိတ်တိုက်ပွဲကို ထောက်ခံကာ ဗဟန်း သပိတ်စခန်းသို့ လာရောက်ခဲ့ကြရာ မြို့လူထုက ကူညီ ထောက်ခံခဲ့သည်။ ဒီဇင်ဘာလ ၁၅ ရက်တွင် ယူနီဗာစီတီ သပိတ်မှောက်ကောင်စီကို အဖွဲ့ဝင် ၁၅ ဦး ထပ်တိုးကာ ၂၆ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ အဖွဲ့ဝင်များတွင် နောင်အခါ၌ အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်လာမည့် ကိုမြ (သခင် မြ) ပါဝင်ခဲ့သည်။

 

ကောလိပ်အာဏာပိုင်များသည် သပိတ်တွင်ပါဝင် သည့် ကျောင်းသားများအား ဒီဇင်ဘာ ၂၃ ရက်အတွင်း ကျောင်းပြန်မတက်က ကျောင်းမှထုတ်ပယ်မည်ဟု ကြေညာခဲ့ရာ သပိတ်မှောက်ကျောင်းသားများက မိမိတို့၏ အမည်စာရင်းများကို ကျောင်းသားစာရင်းမှ အပြီးတိုင် ပယ်ထုတ်ရန် တုံ့ပြန်ခဲ့ကြသည်။ ဒီဇင်ဘာလ ၂၉ ရက်တွင် ဂျီစီဘီအေ အသင်းချုပ်ကြီးက သပိတ်မှောက်ကျောင်း သားများကို အစိုးရကျောင်းများနှင့် အစိုးရအထောက်အပံ့ခံ ကျောင်းများသို့ ပြန်လည်မတက်ကြရန် တိုက်တွန်းနှိုးဆော် ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

 

တက္ကသိုလ်အာဏာပိုင်များက တောင်းဆိုချက်များကို လိုက်လျောမှုမရှိသဖြင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)တွင် ကျောင်းသား ၅၀၀ ကျော်က သပိတ်မှောက်ကြပြီး တောင်းဆိုချက် ၁၆ ရပ်ကို ကျောင်းသားများကိုယ်စား ကျောင်းသားခေါင်းဆောင် မောင်ဘဦးက လက်မှတ်ရေး ထိုး ထုတ်ပြန်ခဲ့သည်။

 

ကျွန်ပညာရေးစနစ်ကို ထူထောင်ရန် ကြိုးပမ်းခဲ့သည့် ယင်းဥပဒေသည် တက္ကသိုလ်ပညာကို လူနည်းစုသာ သင်ယူခွင့်ရရှိမည့် ဥပဒေဖြစ်သဖြင့် ကန့်ကွက်ဆန့်ကျင် ကြောင်း ကြွေးကြော်ဆန္ဒပြကြရာမှ တက္ကသိုလ်ကျောင်း သားသပိတ်ကြီး ပေါ်ပေါက်ခဲ့ကာ မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်မှ ကျောင်းသားများက ထောက်ခံခဲ့ကြသည်။ မျိုးချစ်ဝံသာနုပုဂ္ဂိုလ်များ၏ ကူညီပံ့ပိုးမှုများကြောင့် အမြို့မြို့အနယ်နယ်တွင် အမျိုးသားကျောင်းများ ပေါ် ထွန်းလာခဲ့သည်။

 

အမျိုးသားကျောင်းများ ပေါ်ပေါက်လာခြင်းကြောင့် မြန်မာစာပေ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို လက်ဆင့်ကမ်းနိုင်ခဲ့ကာ အမျိုးသားရေးစိတ်ဓာတ်ခွန်အား များ နိုးကြားရှင်သန်လာခဲ့ကြသည်။ ပြည်သူများအကြား၌ အမျိုးသားရေးစိတ်ဓာတ်ခွန်အားများ ဖြစ်ထွန်းလာမှုသည် အမျိုးသားအောင်ပွဲ၏ အခြေအမြစ်ဖြစ်ခဲ့ကာ ယူနီဗာစီတီ ကောလိပ်ကျောင်းသပိတ်ကြီးဟု ထင်ရှားခဲ့သည့် အမျိုး သားရေးလှုပ်ရှားမှုသည် မြန်မာတိုင်းရင်းသားများအား အမျိုးသားရေးစိတ်ဓာတ်များ နိုးထစေခဲ့ပြီး ဆုံးရှုံးခဲ့သည့် မြန်မာနိုင်ငံ လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ရန် တွန်း အားတစ်ရပ်ဖြစ်ခဲ့သည်။

 

၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသား သပိတ်ခေါင်းဆောင် ၁၁ ဦး၏ အမည်များ ရေးထိုးထား သည့် ကမ္ပည်းကျောက်စာကို နှစ် ၅၀ ပြည့် ရွှေရတု အမျိုးသားအောင်ပွဲနေ့ဖြစ်သည့် ၁၉၇၀ ပြည့်နှစ် နိုဝင်ဘာ လ ၂၃ ရက် (မြန်မာသက္ကရာဇ် ၁၃၃၂ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၁၀ ရက်) တနင်္လာနေ့တွင် ရွှေတိဂုံစေတီတော် ၏ ရင်ပြင်၌ စိုက်ထူခဲ့သည်။ ကျောက်စာတွင် ကျောင်းသား ခေါင်းဆောင် ၁၁ ဦး၏ အမည်များနှင့်အတူ ‘ဤနေရာကား မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့က ရန်ကုန်ကောလိပ်ကျောင်းသားကြီး ၁၁ ဦး တို့ တွေ့ဆုံ၍ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာအဓိဋ္ဌာန်ပြုသောနေရာပေတည်း’ ဟု သမိုင်းမော်ကွန်းရေးထိုးခဲ့ပေသည်။

 

အမျိုးသားအောင်ပွဲနေ့

မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားအောင်ပွဲနေ့ကို မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် (ခရစ်နှစ် ၁၉၂၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက်) တနင်္လာ နေ့တွင် ရန်ကုန်မြို့ ကန်တော်မင်္ဂလာပန်းခြံနှင့်ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်အနီး မြေကွက်လပ်၌ ကျင်းပခဲ့သည်။

အမျိုးသားနေ့ကျင်းပရေးကော်မတီဝင် ဦးမောင် မောင်ကြီး (နောင်တွင် ဆာမောင်ကြီး) က အမျိုးသားပညာ ရေးအကြောင်းကို ဟောပြောခဲ့သည်။ လူငယ်တစ်ဦးက British Soldier Minus Gun equal to Zero ဟူသော ခေါင်းစဉ်ကို အင်္ဂလိပ်ဘာသာဖြင့် ဟောကြားခဲ့သော ကြောင့် ဗြိတိသျှအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

 

အမျိုးသားပညာဝန် ဦးဖိုးကျား ၊ ဦးစိုးဝင်း၊ ဦးထွန်း ညို စသည့်ပုဂ္ဂိုလ်ကြီးများက ကျောင်းပိတ်ရက်မဟုတ် သော်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသားကျောင်းများ မှ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများအား အမျိုးသားနေ့အခမ်းအနားတွင် တက်ကြွနိုးကြားစွာ ပါဝင် ဆင်နွှဲရန် လှုံ့ဆော်စည်းရုံးခဲ့သောကြောင့် အခက်အခဲ အမျိုးမျိုးကြားမှ မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသား အောင်ပွဲနေ့ အခမ်းအနားများကို မြို့နယ်အသီးသီး၌ ကျင်းပပြုလုပ်နိုင်ခဲ့သည်။

 

ယင်းရက်မှစ၍ အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်တွင် အမျိုးသား ပညာရေးကျောင်းများက ဦးဆောင်ကျင်းပခဲ့ကြပြီး နယ်ချဲ့အစိုးရက ဖွင့်လှစ်ထားသည့် အစိုးရကျောင်းများ တွင်မူ ကျင်းပခြင်း မပြုခဲ့ချေ။

 

၁၉၃၄ ခုနှစ်တွင် ဗြိတိသျှအစိုးရ၏ ဒိုင်အာခီအုပ်ချုပ် ရေးအစိုးရအဖွဲ့၌ ဒေါက်တာဘမော်သည် ပညာရေးဝန်ကြီး ဖြစ်လာခဲ့ပြီး အမျိုးသားအောင်ပွဲနေ့ဖြစ်သော တန်ဆောင် မုန်းလပြည့်ကျော် ၁ဝ ရက်တွင် ကျောင်းများအားလုံးကို ပိတ်ပေးရန် အမိန့်ထုတ်ပြန်ခဲ့သည်။ မန္တလေးမြို့၌ ကျင်းပ ခဲ့သော နဝမအကြိမ်မြောက် ဂျီစီဘီအေ ညီလာခံကလည်း ပထမကျောင်းသားသပိတ် စတင်သည့်နေ့ကို အမျိုးသား အောင်ပွဲနေ့ဟု သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

 

ဒေါက်တာဘမော်သည် နန်းရင်းဝန် (ဝန်ကြီးချုပ်) ဖြစ်လာပြီးနောက် ၁၉၃၇ ခုနှစ်တွင် အမျိုးသားအောင်ပွဲနေ့ ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို အခြေပြုကာ ပေါ်ထွန်းခဲ့သည့် အမျိုးသားနေ့သည်လည်း တက္ကသိုလ်နှင့်အတူ နှစ် ၁၀၀ ပြည့်မြောက်ပြီဖြစ်ပေသည်။

 

အရေးပေါ်ရန်ကုန်တက္ကသိုလ်

၁၉၂၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့့်် ရန်ကုန် တက္ကသိုလ်ကို ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်တွင် မဟာမိတ် တပ်များက သိမ်းပိုက်ထားသဖြင့် တက္ကသိုလ်သင်တန်းများ ကို ရန်ကုန်မြို့လယ် မဂိုလမ်း (ယခုရွှေဘုံသာလမ်း) ရှိ ရန်ဒေးရီးယားကျောင်း (ယခု အထက ၂ ပန်းဘဲတန်း)တွင် အရေးပေါ်တက္ကသိုလ်ကောလိပ်သင်တန်း(Emer-gency University College) အဖြစ် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်တွင် ဖွင့်လှစ်ကာ ဆရာကြီးဦးဘက ကျောင်းအုပ် ကြီး တာဝန်ယူခဲ့သည်။ ထိုကျောင်းတွင် ကျောင်းသား ကျောင်းသူ ၄၁၂ ဦး တက်ရောက်ခဲ့ကြသည်။

 

ရန်ကုန်တက္ကသိုလ်နယ်မြေကို သိမ်းပိုက်ထားသော မဟာမိတ်တပ်များ ရုပ်သိမ်းပေးရန် တောင်းဆိုမှုများ များပြားလာပြီးနောက် မဟာမိတ်တပ်များသည် ၁၉၄၇ ခုနှစ်တွင် တက္ကသိုလ်နယ်မြေတစ်ခုလုံးမှ ထွက်ခွာသွား ကြပြီး ရန်ကုန်တက္ကသိုလ်တွင် သင်တန်းများလည်း ပြန်လည်ပို့ချနိုင်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ် အက်ဥပဒေကို ထပ်မံပြင်ဆင်ခဲ့ပြီး ဒေါက်တာထင်အောင် သည် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးပါမောက္ခချုပ် ဖြစ်လာခဲ့သည်။

 

ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ၁၉၅၅ ခုနှစ်တွင် ယူဂိုဆလပ်နိုင်ငံ သမ္မတ မာရှယ်တီးတိုးအား ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သဘင် ခန်းမ၌ ချီးမြှင့်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် မြောက် ဗီယက်နမ်နိုင်ငံ သမ္မတ ဟိုချီမင်းအားလည်းကောင်း၊ ၁၉၆၁ ခုနှစ်တွင် အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂူရီယန် အားလည်းကောင်း ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များ ချီးမြှင့်ခဲ့သည်။

 

မြန်မာနိုင်ငံရေးတွင် ထင်ရှားခဲ့သည့် ရန်ကုန်

တက္ကသိုလ်သည် ပညာရှင်များ၊ သုတေသီများ၊ ပညာရပ် ဆိုင်ရာနယ်ပယ်အသီသီးတွင် ထူးချွန်ထက်မြက်ကြသူများ ကို မွေးထုတ်ပေးခဲ့ရာ ယခုအခါတွင် နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ် သည်။ လက်ရှိအချိန်တွင်လည်း ရန်ကုန်တက္ကသိုလ်၌ ပုံမှန်ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများအပြင် လူ့စွမ်းအား အရင်းအမြစ်ဌာန(Human Resources Department) ထူထောင်၍ ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ကာ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိ သည်။

 

နှစ် ၁၀၀ ပြည့် ရန်ကုန်တက္ကသိုလ်သည် နောင်နှစ် ပေါင်းရှည်ကြာသည်အထိ နိုင်ငံ့သားကောင်းမျိုးဆက်သစ် များကို ဆက်လက်မွေးထုတ်ပေးနေဦးမည်သာဖြစ်ကာ အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်ခန်းမ၊ သစ်ပုပ်ပင်၊ အပန်းဖြေ ရိပ်သာ၊ တက္ကသိုလ်စာကြည့်တိုက်အစရှိသည့် အဆောက် အအုံများသည် ရန်ကုန်တက္ကသိုလ်၏ အမှတ်လက္ခဏာ များအဖြစ် ထင်ရှားစွာ တည်ရှိနေကြပေသည်။ ။

 

ကိုးကား

မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၄)

ရန်ကုန်တက္ကသိုလ်သမိုင်း(၁၉၂၀-၁၉၉၅)

ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ခရီး အစီရင်ခံစာ

ဆောင်းပါးရှင် ကောင်းစည်သူ၏ ကိုယ်ရေးအကျဉ်း

---------------------------------------------------------------

- အမည်ရင်း ဦးဝင်းဇော်ဖြစ်သည်။

- ရန်ကုန်တက္ကသိုလ်မှ ၁၉၇၆ ခုနှစ်တွင် သင်္ချာဘာသာသိပ္ပံဘွဲ့ကို ရရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် ထပ်မံပညာ သင်ယူကာ ရှေးဟောင်းသုတေသနပညာ မဟာဝိဇ္ဇာဘွဲ့ MA (Archaeology)၊ ရှေးဟောင်းသုတေသနပညာ မဟာ သုတေသနဘွဲ့ MRes (Archaeology) ဘွဲ့နှင့် ဒီပလိုမာဘွဲ့ ငါးခု ရရှိခဲ့သည်။

- ၂၀၁၄ ခုနှစ်မှစ၍ မောင်သာ (ရှေးဟောင်း သုတေသန) ကလောင်အမည်ဖြင့် သမိုင်း၊ ရှေးဟောင်းသုတေသန၊ ယဉ်ကျေးမှု ရေးရာနှင့် ခရီးသွားဆောင်းပါးများကို ရေးသားခဲ့သည်။ ယခုအခါတွင် မြန်မာ့ အလင်း၊ ရတနာပုံနှင့် The Global New Light of Myanmar သတင်းစာတို့တွင် ဆောင်းပါးများကို အပတ်စဉ်ရေးသား လျက်ရှိကာ သုတအလင်း၊ သုတစွယ်စုံ နှင့် အာရောဂျံမဂ္ဂဇင်းတို့တွင် ကောင်းစည်သူ ကလောင်အမည်ဖြင့် ဘာသာပြန်ဆောင်းပါးများကို လစဉ် ရေး သားလျက်ရှိပါသည်။