ရာပြည့်ကာလ၏ စိန်ခေါ်မှု

ယခုနှစ်တွင် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ကာလ ၁၉၂ဝ ပြည့်နှစ် အချိန်တွင် မြန်မာ့ရုပ်ရှင်၏ဖခင်ကြီး ဖြစ်လာမည့်လန်ဒန်အတ် ဦးအုန်းမောင်၏ အားထုတ်ကြိုးပမ်း မှုဖြင့် ပထမဆုံး မြန်မာဇာတ်လမ်းရုပ်ရှင်ကား “မေတ္တာနှင့်သူရာ” ထွက်ပေါ် လာပြီး မြန်မာရုပ်ရှင် ပရိသတ်တို့၏ တစ်ခဲနက်အားပေးမှုကို ရရှိ ခဲ့သည်။ ယင်းမတိုင်မီကမူ ရန်ကုန်မြို့တွင် ရုပ်ရှင်ရုံများ ရှိနေပြီဖြစ်သော်လည်း နိုင်ငံခြားရုပ်ရှင်ကားများကိုသာ ကြည့်ရှုခဲ့ရခြင်းကြောင့် မြန်မာဝတ္ထု ဇာတ်လမ်းကို မြန်မာသရုပ်ဆောင်များဖြင့် မြန်မာဒါရိုက်တာက ရိုက်ကူးတင်ဆက်သည့် ပထမဆုံး မြန်မာရုပ်ရှင် ဇာတ်ကားထွက်ပေါ်လာသောအခါ တုန်ခြင်း၊ မှုန်ခြင်းစသော အရည် အသွေးပိုင်း အားနည်းချက်တို့ ရှိခဲ့သည့်တိုင်အောင် ပရိသတ်က သည်းခံအားပေးခဲ့ကြောင်းလည်း မှတ်တမ်းများ အရ သိရှိရသည်။

တာထွက်ကောင်းခဲ့သည့် မြန်မာ့ရုပ်ရှင်သည် အချိန်တိုတိုအတွင်း မှာပင် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုး ကြီးထွားခဲ့ပြီး စစ်ကြိုခေတ်နှင့် စစ်ပြီး ခေတ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခေတ်တို့တွင် ခေတ် အလိုက် လူထုပရိသတ်ကို ဖျော်ဖြေမှု၊ အသိပညာပေးမှု၊ နိုင်ငံရေးနိုးကြားစေဖို့ နှိုးဆော်တိုက်တွန်း မှုစသည်ဖြင့် ခေတ်အကြိုက်ကိုသာမက ခေတ်ကို ပြုပြင်မှုတို့ဖြင့် တာဝန်ကျေခဲ့ကြသည်။ မြန်မာ ရုပ်ရှင်နှင့် မြန်မာ ပရိသတ်တို့ အစပ်အဟပ်တည့်ခဲ့ကြသည်။ သို့ရာတွင် မြန်မာနိုင်ငံ ၏ ခေတ် အပြောင်းအလဲ၊ နိုင်ငံရေးရရာသီ အပြောင်းအလဲတွင်မူ မြန်မာ့ရုပ်ရှင်သည်လည်း လောကဓံကို ခံခဲ့ရသည်။ စင်စစ်အားဖြင့် ရုပ်ရှင်သည် ဩဇာသက်ရောက်မှု အားကောင်းသည့် မီဒီယာတစ်ခု ဖြစ်သည့်အလျောက် အာဏာပိုင်တို့၏ အထိန်းအချုပ် အကွပ်အညှပ်၊ အဖိအထောင်းတို့၏ အောက်တွင် တဖြည်းဖြည်းနှင့် လုံးပါးပါးခဲ့ကြ ရသည်။ ပရိသတ်နှင့်လည်း အစပ်အဟပ်ကွာခဲ့ကြ ရပြီး မြန်မာ့ရုပ်ရှင် ဇာတ်ကားတို့၏ အရည်အသွေးတို့အပေါ် အားမလို အားမရမှုနှင့် အတူ ပြစ်တင် ရှုတ်ချမှုအချို့ပါ ပေါ်ထွက်လာခဲ့ရသည်။

လက်ရှိအခြေအနေတွင်မူ မြန်မာ့ရုပ်ရှင်လောကသည် အလှည့် အပြောင်း၊ အချိုးအကွေ့တစ်ခုဆီသို့ ရောက်ရှိနေပြီဖြစ်သည်။ မြန်မာ့ ရုပ်ရှင်နယ်ပယ်သို့ မျိုးဆက်သစ်များ ဝင်ရောက်လာမှုနှင့်အတူ အတွေးအမြင်သစ်များ၊ လုပ်နည်းလုပ်ဟန်အသစ်များ၊ ရင်းနှီးမြှုပ်နှံမှု အသစ်များဝင်ရောက်လာမှု တို့ကြောင့် ရလဒ်ကောင်းများ ပေါ်ထွက် လာသလို မြန်မာ့ရုပ်ရှင်ကို တစ်ဖန်ပြန်လည် အားပေးမှု တို့လည်း ပေါ်ထွက်လာသည်။ ပြည်ပသရုပ်ဆောင်၊ ပြည်ပဒါရိုက်တာ၊ ပြည်ပ ကင်မရာမင်းများ အပါအဝင် မြန်မာ့ရုပ်ရှင်နှင့် နိုင်ငံရပ်ခြားတို့မှ ရုပ်ရှင်လုပ်ငန်းတို့ ပူးပေါင်းလုပ်ကိုင်မှုများလည်း ရှိလာသည်။ သို့ရာတွင် မမျှော်လင့်ဘဲ ပေါ်ထွက်လာသည့် ကမ္ဘာ့ကပ်ရောဂါဆိုးကြောင့် စီးပွားရေး၊ လူမှုရေးတို့ ထိခိုက်ခံစားကြရသည့် ဆက်နွှယ်မှု တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းနှင့် ရုပ်ရှင်လောကသား တို့လည်း ထိခိုက် ခံစားကြရသည်။

ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် ချမှတ်လိုက်သည့် အကန့်အသတ်၊ အတားအဆီး၊ စည်းမျဉ်း စည်းကမ်းများအရ ရုပ်ရှင် ရိုက်ကူးသည့်လုပ်ငန်းခွင်များ ရပ်နားထားရပြီး ရုပ်ရှင်ပြသ သည့် ရုပ်ရှင်ရုံများလည်း ယာယီအားဖြင့် ပိတ်ထားလိုက်ရပြီဖြစ်ရာ လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံ သူများနှင့်တကွ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဇာတ်ရံ၊ ဇာတ်ပို့၊ လူကြမ်း၊ ကင်မရာ၊ စက်အဖွဲ့၊ မီးထိုး မှန်ထိုး၊ ရုပ်ရှင်ရုံဝန်ထမ်းများ စသည်ဖြင့် ရုပ်ရှင်လုပ်ငန်းနှင့် ဆက်စပ်သမျှတို့ အပေါ်ဆုံးမှသည် အောက်ဆုံးအထိ အားလုံးကိုယ်စီ အထိနာ ကြသည်။ ကိုဗစ်-၁၉ကပ်ရောဂါသည် လူ့အသိုင်းအဝိုင်း တို့ အကြားတွင် ကြာကြာနေဦးမည့် အခြေအနေတွင်ရှိနေရာ ရောဂါရှိနေသရွေ့ လုပ်ငန်းတို့ ကြာကြာ ရပ်ဆိုင်းထားရန် မဖြစ်နိုင်သည့်အလျောက် ထွက်ရပ်လမ်းအတွက် အဖြေရှာကြရသည်။ ရောဂါကူးစက်မှု ကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရုပ်ရှင် ရိုက်ကူးရေးနှင့် ပြသရေးတို့ ပြုလုပ်နိုင်ရန် နည်းလမ်းများ စဉ်းစား ကြရသည်။

ယင်းသို့ စဉ်းစားကြရာတွင် တစ်ဖက်တွင်လည်း မိမိတို့ နိုင်ငံရှိ ရုပ်ရှင်ပရိသတ်တို့၏ သဘာဝနှင့် မိမိတို့နိုင်ငံ၏ ရေမြေရာသီဥတု အခြေအနေတို့နှင့်လည်း ကိုက်ညီရန် စဉ်းစားကြမှသာ လက်တွေ့ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ် သည်ဟူ၍ ယူဆမိသည်။ မြန်မာ့ရုပ်ရှင်ရာပြည့် အခါသမယတွင် တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုကြီးကို ရုပ်ရှင်လောကသားတို့၏ စုပေါင်းညီညွတ်မှု စွမ်းပကားဖြင့် ကျော်လွှား နိုင်ကြပါစေကြောင်း။ ။

mna