ရဲလှကျေးရွာ၌ လယ်ဧက ၁၀၀၀  ကျော်အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်

ဂန့်ဂေါ ၂၉ နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်တွင် ဂန့်ဂေါမြို့နယ်၊ ရဲလှကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို နိုဝင်ဘာ ၂၈ ရက်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်၊ ဦးစီးအရာရှိ ဒေါ်အိဖြူဇင်၊  ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ထွေးနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာသူ/သားများနှင့်အတူ ရဲလှ ကျေးရွာတွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၆၄ သန်းဖြင့် အရှည် ၂ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁ပေရှိ ကျောက်ရောမြေခင်းခြင်း လုပ်ငန်းနှင့် အဆိုပါကျောက်ရောမြေပေါ်တွင် ၉ လက်ထု မြေနီကျောက် စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ Box-Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် မြစ်သာဂန့်ဂေါ ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး  သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ရဲလှကျေးရွာတွင်  အဆိုကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက  ကျေးရွာရှိ  အိမ်ခြေ ၂၂၁ အိမ် လူဦးရေ ၁၁၀၈  ဦးတို့၏ လယ်ဧက ၁၀၀၀ ကျော်မှ လယ်ယာထွက်ကုန်များကို  ဈေးကွက်သို့ လျင်မြန်စွာ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်ထံမှ သိရသည်။

ဇော်မင်းဌေး