ရော့ခ်သီချင်းများဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့သည့် “1st Nay Pyi Taw Bike Week (2019)”

နေပြည်တော် ၁   ဒီဇင်ဘာ

 

နိုဝင်ဘာ ၂၉ ရက်မှ ယနေ့ညအထိ နေပြည်တော် ရေပန်းဥယျာဉ်တွင် ၃ ရက်တာ ကျင်ပခဲ့သည့် 1st Nay Pyi Taw Bike Week (2019) နှင့်The Great Empire တေးဂီတ ဖျော်ဖြေပွဲကြီးကို ယနေ့ညတွင် နိုင်ငံကျော် အဆိုတော်များ၏ မြူးကြွသည့် ရော့ခ်သီချင်းများဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

 

ယနေ့ ည ၇ နာရီခွဲမှစတင်ကာ ဇော်ဝင်းထွဋ်၊ R ဇာနည်၊ ဝေလ နှင့် သာဒီးလူ အစရှိသည့် ရော့ခ်အဆိုတော်များက ပရိသတ်များအကြိုက် ရော့ခ်သီချင်းများကို သီဆိုဖျော်ဖြေခဲ့ကြပြီး နိုင်ငံတစ်ဝန်းမှ ဆိုင်ကယ်ချစ်သူများနှင့် နေပြည်တော်နှင့် အနီးပတ်ဝန်းကျင်မှ ရော့ခ်သီချင်း ချစ်သူများက ရော့ခ်သံစဉ်များနှင့် စီးမျောလိုက်ပါကာ ပွဲတော်နောက်ဆုံးနေ့ညကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။

 

ဂီတဖျော်ဖြေပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ၎င်းတို့၏ဇနီးများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

 

နေပြည်တော် အခြေစိုက် Joker Biker MC မှ ကိုပိုင်ကြီးက “ဒီပွဲကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဆိုင်ကယ်ကလပ်တွေအားလုံး ဆုံစည်းတဲ့ပွဲပါ။ ဆိုင်ကယ်ချစ်သူတွေ ဆုံတွေ့တဲ့ပွဲက ကျွန်တော်တို့ မြို့မှာတင်မကဘူး တခြားမြို့တွေမှာလည်း လုပ်ကြတယ်။ အခုပွဲကို အနယ်နယ်အရပ်ရပ်က ဆိုင်ကယ်ကလပ်ပေါင်း တစ်ရာကျော်က ဆိုင်ကယ် အစီးရေ သုံးထောင်နီးပါးနဲ့ပါဝင်ဆင်နွဲကြတယ်။ ဒီပွဲကရလာတဲ့အကျိုးအမြတ်တွေကိုလည်း မိဘမဲ့ကျောင်း အစရှိတဲ့ အကူအညီလိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားမှာပါ။

 

“နေပြည်တော်မှာ ပွဲတော်ကျင်းပခွင့်ပေးတဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ နေပြည်တော်မှာ ဒီလိုပွဲမျိုးလုပ်ဖို့ဆိုတာ လွယ်တာမဟုတ်ပါဘူး။ ခွင့်ပြုပေးတဲ့အတွက် ကျေနပ်ပီတိ ဖြစ်မိပါတယ်။ နိုင်ငံတကာက ဆိုင်ကယ်စီးကလပ်တွေကို ဖိတ်ခေါ်ပြီးကျင်းပပေးနိုင်မယ်ဆိုရင် တိုင်းပြည်အတွက်လည်း နိုင်ငံခြားဝင်ငွေတွေ ရရှိလာမယ်ထင်တယ်။ နောက်နှစ်တွေမှာလည်း အခုလိုပွဲမျိုး စီစဉ်ကျင်းပခွင့် ပေးဖို့ မျှော်လင့်ပါတယ်” ဟုပြောသည်။

 

1st Nay Pyi Taw Bike Week (2019) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်နံနက်ပိုင်းက ရေပန်းဥယျာဉ်အဝင်မုခ်ဦး၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များက ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး နိုင်ငံတစ်ဝန်းလုံးမှ အပျော်တမ်းဆိုင်ကယ် စီးနင်းကြသူများက ရေပန်းဥယျာဉ်မုခ်ဦးဝမှ စတင်ကာ ဇမ္ဗူသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်အတွင်း ဆိုင်ကယ်များကို လှည့်လည်စီးနင်းကြပြီး နေပြည်တော် ရေပန်းဥယျာဉ်အတွင်း ပြန်လည်ဝင်ရောက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

ပွဲတော်တွင် မော်တော်ဆိုင်ကယ်နှင့်ပတ်သက်သည့် ပစ္စည်းများရောင်းချခြင်း၊ အမှတ်တရလက်ဆောင် ပစ္စည်းများ ရောင်းချခြင်း၊ ဈေးနှုန်းချိုသာသည့် အစားအစာများ ရောင်းချခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များကို နံနက်ပိုင်းမှညပိုင်းထိ ကျင်းပခဲ့သည်။

 

သတင်း-ဟန်လင်းနိုင်၊ ဓာတ်ပုံ-စိုးဝင်းထွန်း