ရွှေဘိုမြို့တွင် အသက် (၁၃)နှစ်အရွယ် ကလေးတစ်ဦးအား အကြမ်းဖက်လိင်တူဆက်ဆံပြီး လူသတ်မှုကျူးလွန်သူကို ဖမ်းဆီးရမိ

ရွှေဘို ၂၄ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် အသက် (၁၃)နှစ်အရွယ် ကလေးတစ်ဦးအား အကြမ်းဖက်လိင်တူဆက်ဆံပြီး လူသတ်မှုကျူးလွန်သူကို စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့​ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦး ထံမှ သိရသည်။

ရွှေဘိုမြို့တွင် စက်တင်ဘာ ၂၁ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ရွှေဘိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများသည် ရွှေဘိုမြို့၊ မြို့မစျေးတောင်ဘက် အမှတ်(၇)ရပ်ကွက် ဝက်လက်ရွဲရပ်တွင် အသက် (၁၃)နှစ်အရွယ်ရှိ ကလေး(ကျား) တစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ နှာခေါင်းနှင့် ကျားအင်္ဂါတို့မှ သွေးယိုစီးလျက် မှောက်လျက်အနေအထားဖြင့် သေဆုံးနေ​သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ပြစ်မှူကျူးလွန်သူ အမြန်ဖမ်းမိစေရေးအတွက် ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်မောင် ဦးစီးကွပ်ကဲပြီး ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အထူးအမှုစစ်အဖွဲ့ဝင်များက စုံစမ်းခဲ့ရာ အကြမ်းဖက်လိင်တူဆက်ဆံပြီး လူသတ်မှုကျူးလွန်သူဟု သံသယရှိသူ (ယခင်ကအလားတူ ပြစ်မှုမျိုး ကချင်ပြည်နယ် မြစ်ကြီးနားတွင် ကျူးလွန်၍ ပြစ်ဒဏ် ကျခံဖူးသူ) အသက်(၄၂)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို စက်တင်ဘာ ၂၃ ရက် ညနေ ၅ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အကြမ်းဖက်လိင်တူဆက်ဆံပြီး လူသတ်မှုကျူးလွန်သူ ထွန်းထွန်းဝင်း (၄၂)နှစ် အမှတ်(၇)ရပ်ကွက် ဝက်လက်ရွဲရပ် ရွှေဘိုမြို့နေသူမှ သေဆုံးသူ အမှတ်(၁)ရပ်ကွက် ပြင်စျေးမြောက်ရပ်နေ အသက်(၁၃)နှစ်အရွယ် ကလေးကို အခင်းဖြစ် ည ၈ နာရီခွဲခန့်က နေအိမ်အနီးမှ ၎င်းကိုယ်တိုင် နေအိမ်သို့ဆိုင်ကယ်ဖြင့် ခြိမ်းခြောက်ခေါ်ယူလာကာ အကြမ်းဖက်လိင်တူဆက်ဆံခဲ့ပြီး လည်ပင်းအား ညှစ်သတ်ခဲ့ကြောင်း၊ ထို့နောက် အလောင်းအား ဆိုင်ကယ်ဖြင့် တင်ဆောင်ကာ စျေးတောင်ဘက်လမ်းဘေးတွင် ပစ်ချထားခဲ့​သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထွန်းထွန်းဝင်း (၄၂)နှစ်ကို ရွှေဘိုမြို့မရဲစခန်းက အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

မိုးသောက်(ရွှေဘို)