ရေစကြိုမြို့နယ်တွင် အပူချိန်မြင့်တက်နေမှုကြောင့် ပဲတီစိမ်းခူးဆွတ်သည့် အလုပ်သမားရှားပါးပြီး လုပ်အားခပိုပေးနေရ

ရေစကြို  ၂၆ မေ 

 


ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ပဲတီစိမ်းစိုက်ခင်းများ ရိတ်သိမ်းနေကြချိန်ဖြစ်ရာ  အပူချိန်မြင့်တက်နေမှုကြောင့် ပဲတီစိမ်းခူးဆွတ်သည့် အလုပ်သမားရှားပါးပြီး လုပ်အားခပိုပေးကာ ငှားရမ်းနေရကြောင်း သိရသည်။

 


“အလုပ်သမားရှာရခက်တော့ လုပ်အားခတိုးပေးရတယ်။ ပဲတီစိမ်းတစ်ဧကကို ၂ ကြိမ်၊ ၃ကြိမ်လောက် ခူးခိုင်းရတယ်။ တစ်ကြိမ်ခူးရင်  အလုပ်သမား ၂၈ ယောက်ကို ၂ ရက် ခူးခိုင်းရတယ်။ အလုပ်သမားခ တစ်ယောက်ချင်းစာတိုးပေးရတော့ ၂၈ ယောက်စာတိုးပေးရတာ ခါတိုင်းထက် လုပ်အားခပိုကုန်တာပေါ့၊ ပြီးတော့ ဒီနှစ်ရာသီဥတုကပူတော့ ပဲကလည်းအထွက် မကောင်းဘူး”ဟု  ပဲတီစိမ်းစိုက်ခင်းရှင် ဒေါ်အေးရင်က ပြောသည်။

 

wef

 


ရာသီဥတုပူပြင်းသဖြင့် အလုပ်သမားခေါ်ရခက်ခဲသောကြောင့် စိုက်ခင်းရှင်များမှ အလုပ်သမားခ ပိုပေးနေရကြောင်း သိရသည်။ ယခင်က ယာလုပ်သားအမျိုးသမီးတစ်ဦးလျှင် တစ်နေ့လုပ်အားခ ငွေကျပ် ၃၀ဝ၀ ပေးရရာမှ ယခုအခါ ငွေကျပ် ၄၀ဝ၀ ပေးရကြောင်း၊ အမျိုးသားတစ်ဦးလျှင် တစ်နေ့လုပ်အားခ ၅၀ဝ၀ ပေးရရာမှ ယခုအခါ ငွေကျပ် ၆၀ဝ၀ ပေးရကြောင်း သိရသည်။

 


“အခုကတော့ ဥတုကပူတော့ နေ့လယ် ၁ နာရီ စမလုပ်နိုင်ဘူး။ ၂ နာရီမှအလုပ်ပြန်စ လုပ်ကြတော့တာ။ ညနေကျတော့ ခါတိုင်းထက်နောက်ကျပြီးမှ အလုပ်သိမ်းကြတာပေါ့”ဟု  ပဲတီစိမ်းခူးဆွတ်သူ မမြင့်ကပြောသည်။

 


နေ့အပူချိန် မြင့်တက်မှုကြောင့် အလုပ်သမားခေါ်ရခက်သဖြင့် စိုက်ခင်းရှင်များမှာ လုပ်အားခ ပိုမိုကုန်ကျလျက်ရှိသကဲ့သို့ ယာလုပ်သမားများမှာ ၎င်းတို့ဝမ်းစာရေးအတွက် နေပူထဲတွင် ပဲခူးဆွတ်နေကြဆဲဖြစ်သည်။

 


“နေပူလည်း လုပ်ရတာဘဲပေါ့။ ပဲခင်းထဲမှာဆိုရင် အောက်က ယာမြေက စို၊ အပေါ်က နေကပူဆိုတော့ စိုပူကြီး၊ ဘယ်လုပ်ချင်မလဲ၊ ပိုက်ဆံရမှာဆိုတော့လည်း ဒီလိုဘဲလုပ်ဖြစ်ကြာတာပေါ့”ဟု ပဲတီစိမ်းခူးဆွတ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

 


ပဲတီစိမ်းခူးဆွတ်သူများသည် ယခင်က မနက်ခင်းပိုင်းတွင် နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီထိ ပဲခူးဆွတ်ကြပြီး နေ့လယ်ခင်းပိုင်းတွင် နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ ပဲခူးဆွတ်ကြကြောင်း သိရသည်။ ယခုအခါ ရာသီဥတုပူပြင်းသဖြင့် နံနက်ခင်းပိုင်း အလုပ်ချိန်အား ယခင်အတိုင်း လုပ်ကြသော်လည်း နေ့လယ်ခင်းပိုင်း အလုပ်ချိန်ကို နေ့လယ် ၂ နာရီမှစတင်ကာ ပြောင်းလဲလုပ်ကိုင်လာကြကြောင်း သိရသည်။

 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အပူဒဏ်ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ရန် သတိပေးနှိုးဆော်ထားသော်လည်း ယာလုပ်သားများမှာ နေပူထဲတွင် အလုပ်လုပ်နေမြဲဖြစ်ကြောင်း သိရသည်။ 

 


ယခုအခါ မြန်မာနိုင်ငံအတွင်းရှိ မြို့ရွာများတွင် မိုးရွာသွန်းလျက်ရှိနေသော်လည်း  ရေစကြိုမြို့နယ်တွင်မူ မိုးရွာသွန်းခြင်းမရှိသေးဘဲ နေ့အပူချိန်မှာ မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။ ရေစကြိုမြို့တွင် ၂၀၁၃ ခုနှစ် အမြင့်ဆုံးအပူချိန်မှာ ၃၅ ဒီဂရီစင်တီဂရိတ် ရှိခဲ့ရာမှ နှစ်စဉ် အပူချိန်မြင့်တက်လာနေလျက်ရှိရာ  ယခုနှစ်ဧပြီလတွင် ၄၇ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်မြင့်တက်ခဲ့ပြီး ယခုလတွင် နေ့လယ်ခင်း အပူချိန်မှာ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

 


စက်ရုံအလုပ်လုပ်ရုံများမှ ကာဗွန်ထုတ်လုပ်မှုပိုများလာခြင်း၊ သစ်တောများပြုန်းတီးခြင်းတို့ကြောင့် ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန်တဖြည်းဖြည်း မြင့်တက်လာပြီး ၂၀၁၁ မှ ၂၀၄၀ အတွင်း အပူဆုံးနေ့ရက်မှာ ၃ ရက်မှ ၆ ရက်အတွင်း ရှိနိုင်ကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ MCCA မှ သိရသည်။ ထို့ပြင် ၂၀၁၁ မှ ၂၀၄၀ အထိ နွေရာသီတွင် လက်ရှိပူချိန်ထက် ဝ.၈ 'C မှ ၁.၂ 'C အထိ တိုးလာနိုင်သည်ဟု ထုတ်ပြန်ထားသည်။

 

အိမွန်ဆွေ(ရေစကြို)