ရွေးကောက်ခံသမ္မတ ဘိုင်ဒန်က အစိုးရအဖွဲ့မှာ ပါဝင်သူစာရင်းကို အင်္ဂါနေ့မှာ ထုတ်ပြန်မယ်

၂၃ နိုဝင်ဘာ

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့ အစိုးရအဖွဲ့မှာ ပါဝင်သူတွေရဲ့ အမည်စာရင်းကို အင်္ဂါနေ့မှာ စတင်ထုတ်ပြန်မယ်လို့ သူ့ရဲ့ရုံးအဖွဲ့အကြီးအကဲက ပြောပါတယ်။

ဒေါ်နယ်ထရမ့်က ဘိုင်ဒန်ရဲ့ အောင်မြင်မှုကို အသိအမှတ်မပြုသေးပေမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ပြုလုပ်မယ့် သမ္မတ ကျမ်းသစ္စာကျိမ်ဆိုပွဲအတွက် ဘိုင်ဒန်က သူ့အစိုးရရဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အန်တိုနီဘလင်ကန် ကို လျာထားကြောင်း အမေရိကန်သတင်းဌာနကြီးတွေက ရေးသားထားပါတယ်။ အသက် ၅၈ နှစ်အရွယ် အန်တိုနီဘလင်ကန်ဟာ ပြင်သစ်စကားကို လည်လည်ပတ်ပတ် ပြောနိုင်သူဖြစ်ပြီး အိုဘာမား သမ္မတ လက်ထက်မှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ဖူးသူ ဖြစ်ကြောင်း သိရပါတယ်။

သမ္မတထရမ့်က ဘိုင်ဒန် အနိုင်ရကြောင်း အသိအမှတ်မပြုတဲ့အပေါ်မှာ ရီပက်ပလစ်ကန် ပါတီဝင်တွေကပါ အသိအမှတ်ပြုရန် တိုက်တွန်းလာတာကို တွေ့ရပါတယ်။

နယူဂျာဆီ အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ် ၂၀၁၆ ထရမ့် အာဏာလွှဲပြောင်းရေးမှာ အကြံပေးခဲ့ဖူးသူ ခရစ် ခရစ်စတိန်းက သမ္မတ ထရမ့်ရဲ့ ဉပဒေဆိုင်ရာ အဖွဲ့ဟာ နိုင်ငံအတွက် ရှက်စရာဖြစ်လာကြောင်း ပြင်းပြင်းထန်ထန်ဝေဖန် လိုက်ပါတယ်။

ရီပက်ပလစ်ကန်ပါတီဝင်၊ မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း ထရမ့်အား ဂေါက်ကစားနေတာရပ်ပြီး အနိုင်ရတဲ့သူကို အသိအမှတ်ပြုလိုက်ပါလို့ တွစ်တာမှာ ရေးသားထားပါတယ်။

ထရမ့်ဟာ ရွေးကောက်ပွဲပြီးဆုံးတဲ့ အချိန်ကစပြီး အပတ်စဉ်စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ဂေါက်ကစားခြင်း လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ပြီးခဲ့ စနေနဲ့ တနင်္ဂနွေနေ့မှာ ဗီဒီယိုကနေ ကျင်းပတဲ့ G20 ဆွေးနွေးပွဲကို ထရမ့် တက်ရောက်ကြောင်း သိရပါတယ်။ 

သမ္မတရွေးကောက်ပွဲမှာ ဘိုင်ဒန်က ၃၀၆ မဲ ရရှိပြီး ထရမ့်က ၂၃၂ မဲသာ ရရှိတဲ့အတွက် သမ္မတနေရာကို ရရှိသွားတာဖြစ်ပါတယ်။

MDN

ကိုးကား - AFP