ရွှေကူမြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာများ ထားရှိကုသဆောင်ရွက်နိုင်ရန်အတွက် လယ်ပြင်ကြီးရပ် ဝန်ထမ်းအိမ်ရာ၌ ပြင်ဆင်ဆောင်ရွက်လျက်ရှိ

ရွှေကူ   ၂၈   နိုဝင်ဘာ  

           

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးလျက်ရှိရာတွင် ကိုဗစ်−၁၉ရောဂါ ပိုးတွေ့ အတည်ပြုလူနာများ ထပ်တိုးတွေ့ရှိနေသည့်အတွက်  မြို့နယ်ပြည်သူ့ဆေးရုံ၌ ထားရှိကုသရန်နေရာ အခက်အခဲရှိ၍ လိုအပ်ပါက အသုံးပြုနိုင်ရန်အတွက် နိုဝင်ဘာလ ၂၈ ရက် နံနက် ၈ နာရီခန့်မှစ၍ ရွှေကူမြို့ လယ်ပြင်ကြီးရပ် ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ၌ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 

           

ယင်းသို့ ကိုဗစ်−၁၉ရောဂါ ပိုးတွေ့ အတည်ပြုလူနာများ ထားရှိကုသရန် ပြင်ဆင်ဆောင်ရွက် လျှက်ရှိသော လယ်ပြင်ကြီးရပ် ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်−၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာများကို တစ်ဦးနှင့်တစ်ဦး သီးခြားထားရှိ ကုသဆောင်ရွက်နိုင်ရန်အတွက် အိပ်ရာနေရာများ ကြိုတင်ပြင်ဆင်ခြင်း၊ လိုအပ်သောအသုံးအဆောင်ပစ္စည်းများ ထားရှိပေးခြင်းနှင့် အခန်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

           

ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်−၁၉ရောဂါ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ နိုဝင်ဘာလ(၂၇)ရက်နေ့အထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၁၈)ဦး ရှိပြီ ဖြစ်ကြောင်း၊ (၆)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီး ဖြစ်ကြောင်း မြို့နယ် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရှိရသည်။

                       

ကျော်မျိုးအောင်(ပြန်/ဆက်)